DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား မုံရွာမြို့တွင် ကျင်းပ
DVB
·
October 1, 2017
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား မုံရွာမြို့တွင် ကျင်းပ
Donate to DVB

အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို မုံရွာမြို့၊ ဘိုးဘွားရိပ်သာမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းအတွင်းက ကန်တော့ခံသက်ကြီး အဘိုးအဘွား ၅၀ ဦးကို ငွေနဲ့ပစ္စည်းတွေ ကန်တော့ခဲ့ကြပါတယ်။

"မြန်မာနိုင်ငံကလည်း အခြားနိုင်ငံတွေနည်းတူ သက်ကြီးရွယ်အိုနှုန်းက အလျင်အမြန် ပြောင်းလဲနေပြီး ကလေးမွေးဖွားနှုန်းကျဆင်းတာ၊ လူတဦးချင်းစီ မျှော်မှန်းသက်တမ်းမြင့်မား လာခြင်းကြောင့် သက်ကြီးရွယ်အိုနှုန်းများနေတာဖြစ်တယ်။ သက်ကြီးရွယ်အိုတွေရဲ့ ဘဝသာယာ ချမ်းမြေ့စေဖို့ ကုလသမဂ္ဂကချမှတ်ထားတဲ့ အမှီအခိုကင်းပြီး လွတ်လပ်ခွင့်အပြည့်အဝရရေး၊ ပါဝင်ဆောင်ရွက်ခွင့်ရရေး၊ အပြန်အလှန်စောင့်ရှောက်မှုပြုရေး၊ မိမိကိုယ်တိုင်ဖြည့်စွမ်းနိုင်ခြင်း၊ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ရေး စတဲ့အချက်တွေကိုလည် အလေးထားဆောင်ရွက်ပေးကြဖို့" ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုက်တွန်းခဲ့ပါတယ်။

သက်ကြီးရွယ်အိုတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ ခွဲခြားဆက်ဆံတာတွေ မပြုလုပ်ဘဲ ဝိုင်းဝန်းစောင့်ရှောက်ဖို့လိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ သက်ကြီးရွယ်အိုတွေအတွက် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကိုလည်း ပြဌာန်းဆောင်ရွက်နေပါတယ်။ အသက် ၉၀ နှစ်နဲ့အထက် အဘိုးအဘွားတွေကိုလည်း တလကို ၁သောင်းကျပ်နှုန်းနဲ့ ၃လ တကြိမ်လူမှုရေးပင်စင်တွေကိုလည်း ထောက်ပံ့ပေးနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အသက်၉၀ နှစ်နဲ့အထက် အဖိုးအဖွား ၄၈၀၀ ကျော်ကို ၆လစာ သက်ဆိုင်ရာအဆင့်ဆင့်ကနေ ထောက်ပံ့ငွေတွေပေးအပ်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက အသက်အကြီးဆုံးဖြစ်တဲ့ တန့်ဆည်မြို့နယ်၊ ကျွန်းတောကျေးရွာ က အသက် ၁၁၆ နှစ်အရွယ် ဒေါ်စောထွေးနှင့် မြောင်မြို့နယ်၊ မကျီးဘုတ်ကျေးရွာက အသက် ၁၁၃ နှစ်အရွယ် အဘိုး ဦးထွန်းတို့ကို တဦးလျှင် ၁ သိန်းခွဲကျပ်နှုန်းနဲ့ ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက မုံရွာဘိုးဘွားရိပ်သာက ဘိုးဘွား ၁၀၁ ဦး၊ ရွာထောင်ဘိုးဘွားရိပ်သာက ၄၉ ဦး၊ ကောလင်းစံတော်သာဘိုးဘွားရိပ်သာက ၁၃ ဦး၊ ရွှေဘို သီရိမင်္ဂလာဘိုးဘွားရိပ်သာက ၂၆ဦး၊ ကသာမင်းပြည်သူဘိုးဘွားရိပ်သာက ၂၆ ဦး စုစုပေါင်း ဘိုးဘွားရိပ်သာ ၅ ခုက အဖိုးအဖွား ၂၁၅ ဦးတို့အတွက် ၂၁၇၅၀၀၀ ကျပ်တို့ကိုလည်း တာဝန်ရှိသူတွေကတဆင့် ပေးအပ်လှုဒါန်းခဲ့ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းအတွင်းက ဘိုးဘွားရိပ်သာတွေမှာလည်း ကျန်းမာရေးဌာနကနေ နား၊ နှာခေါင်း၊လည်ချောင်းတွေအပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကိုလည်း စမ်းသပ်စစ်ဆေး ပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013