DVB Logo
Home
ရွေးကောက်ပွဲ
ကေအိုင်အိုနဲ့တွေ့ခွင့် အန်အယ်လ်ဒီ တောင်းဆို
DVB
·
March 26, 2012
ကေအိုင်အိုနဲ့တွေ့ခွင့် အန်အယ်လ်ဒီ တောင်းဆို
Donate to DVB

ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ ကျန်ဒေသတွေ နည်းတူ ဧပြီ ၁ ရက်နေ့ မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ ဆွေးနွေး ညှိနှိုင်းနိုင်ရေး စီစဉ်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့က ပြည်ထောင်စု အစိုးရကို တောင်းဆို လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ဗန်းမော်၊ ဖားကန့်နဲ့ မိုးကောင်း မြို့နယ်တွေ ထဲက မဲဆန္ဒ နယ်တွေမှာ လုံခြုံရေး မကောင်း တာကြောင့် ရက်ရွှေ့ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့ က ကြေညာခဲ့ပါတယ်။

ရွှေ့ဆိုင်းမှုနဲ့ စပ်လျဉ်းပြီး အန်အယ်လ်ဒီ ဗဟိုအောင်နိုင်ရေးအဖွဲ့က ဒီကနေ့ ကြေညာ ချက် ထုတ်ပြန်ရာမှာ အဲဒီ ဒေသတွေက မဲဆန္ဒရှင်တွေဟာ မဲပေးဖို့ အားခဲထားတာပျက်လို့ စိတ်ပျက်နေကြတဲ့ အကြောင်းနဲ့ အဲဒီ ဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတစုံတရာ မတွေ့ရတဲ့အကြောင်း သဘောထား ထုတ်ဖော် ပြောဆိုကြပါတယ်လို့ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားပြီး ကူညီပံ့ပိုးဖို့ အဆင်သင့် ရှိတဲ့ အကြောင်း ရေးထားပြီး ရွေးကောက်ပွဲ ဖြစ်ရေး ကို ကေအိုင်အို နဲ့ ဆွေးနွေးဖို့ အန်အယ်လ်ဒီက ဆန္ဒရှိကြောင်း ကြေညာချက်က ဆိုပါတယ်။

ကေအိုင်အိုအဖွဲ့ ပြောခွင့်ရသူ ဦးလနန်းက ရွေးကောက်ပွဲ ကော်မရှင်က လုံခြုံရေးအရ ဆိုပြီး အကြောင်းပြပြီး ရက်ရွှေ့ဆိုင်းမှုဟာ ကျိုးကြောင်း ဆီလျော်မှု မရှိဘူးလို့ တုံ့ပြန်ပါတယ်။

“သူတို့ပြောတဲ့ မြို့နယ်ထဲမှာတော့ လုံခြုံရေးဆိုတဲ့ ကိစ္စက ဘာမှ စိုးရိမ်စရာ မရှိဘူး။ အခု ပြောနေတဲ့ ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်တာလည်း မဟုတ်ဘူး။ ရွေးကောက်ပွဲ မကျင်းပဘူးဆိုတဲ့ ကိစ္စက နိုင်ငံတကာကရော၊ နောက်ပြီး နိုင်ငံရေးပါတီတွေကပါ အားလုံးက ကေအိုင်အိုက တင်းမာတယ်။ ခေါင်းမာတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး။ ဒါကြောင့် ကေအိုင်အိုကို ၀ိုင်း ဖိအားပေးရအောင် ဆိုတဲ့ သဘောမျိုးနဲ့ လုပ်တယ်လို့ မြင်တယ်။”

အဲဒီ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ကေအိုင်အိုနဲ့ ဆွေးနွေးဖို့ အန်အယ်လ်ဒီ က ဆန္ဒရှိတယ် ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်ဟာ တဖက်သတ်ကျနေတယ် လို့ ဦးလနန်းက တုံ့ပြန်ပြီး ဒီကိစ္စ အတွက် တွေ့ဆုံဖို့ မလိုဘူး လို့ ဖြေဆိုပါတယ်။

“အန်အယ်လ်ဒီက သက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ တွေ့တဲ့ ကိစ္စတော့ ဒါကို လက်ခံပါတယ်။ တွေ့နိုင်တဲ့ ကိစ္စပါ။ တချိန်ချိန်မှာ အားလုံးကို ၀ိုင်းလုပ်ရမယ့် ကိစ္စတွေပါ။ ဒါပေမယ့် မဲရုံ ပြန်ဖွင့်ပေးနိုင်ဖို့ ကေအိုင်အိုနဲ့ ညှိနှိုင်းလိုတယ် ဆိုတဲ့ ဆန္ဒကတော့ အားလုံး ကြည့်လိုက်တဲ့ အခါမှာ တဖက်စောင်းနင်း ဖြစ်တယ် လို့ မြင်တယ်လေ။”

မနှစ် နှစ်လည် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ကတည်းက အခုချိန်ထိ တိုက်ပွဲဖြစ်နေ တာပါ။ မနှစ်က နှစ်ကုန် ဒီဇင်ဘာလမှာ သမ္မတဦးသိန်းစိန်က အပစ် ရပ်ထား ဖို့ အမိန့်ပေးခဲ့ပြီးချိန် ၃ လအတွင်းမှာ တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး မတ်လ အတွင်း မှာ တိုက်ပွဲ ၈၀ နီးပါး ဖြစ်ပြီး ပြီလို့ ကေအိုင်အိုက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013