DVB Logo
Home
မြန်မာသတင်း
သံလွင်​မြစ်​အတွင်း တရားမဝင်​ သဲ​ကျောက်​စက်​​လှေ ၁၀ စီး ဖမ်းဆီးရမိ
DVB
·
September 30, 2017
သံလွင်​မြစ်​အတွင်း တရားမဝင်​ သဲ​ကျောက်​စက်​​လှေ ၁၀ စီး ဖမ်းဆီးရမိ
Donate to DVB

သံလွင်မြစ်အတွင်း တရားမ၀င် သဲကျောက် ထုတ်ယူနေမှုကို ရဲတပ်ဖွဲ့ဝင်တွေက နှစ်ခြားကျေးရွာနဲ့ တရှပ်လှကျွန်းအကြားမှာ စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၇ နာရီလောက်က လိုက်လံဖမ်းဆီးရာမှာ စက်လှေ ၁၀ စီး ဖမ်းဆီးရမိတယ်လို့ ထုံးအိုင်နယ်မြေရဲစခန်းမှူး ရဲအုပ် ညီညီမိုးက ပြောပါတယ်။

သံလွင်မြစ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းအမည်တခုနဲ့ တရားမ၀င် မြစ်သဲကျောက်ထုတ်ယူနေမှုကြောင့် မြစ်ကမ်းပါးပြိုကျနေမှုကို တားမြစ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံ ကိုင်းစိုက်တောင်သူ ၄၀ ဦးလောက်က ပြည်နယ်အစိုးရရုံးမှာ စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီက သွားရောက် တောင်းဆိုမှုတွေ ရှိခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး ထုံးအိုင်နယ်မြေရဲစခန်းနဲ့ ဘားကပ်ကျေးရွာ ရဲကင်းစခန်းတွေက ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် နဲ့ ကျေးရွာ တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကော့ဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိုက်ကြည်က “ကျနော်တို့ ကမ်းနားဆင်းလာတော့ ဒီကလှေသမားတွေက ကြောက်ရွံ့ပြီးတော့ ပြေးတယ်။ မပြေးတဲ့ ၂ စီးပဲ ဖမ်းမိထားပါတယ်။ ၁၂ စီးလောက်ရှိပါတယ်” လို့ ပြောပါတယ်။

ကျောက်ကြိုးဖြတ် ထွက်ပြေးသွားခဲ့တဲ့လှေတွေကို  တရှပ်လှ မြေကျွန်းအနီးမှာ လိုက်လံဖမ်းဆီးရာ လှေ ၈ စီးကို ဖမ်းမိခဲ့လို့ စုစုပေါင်း လှေ ၁၀ စီး ဖမ်းဆီးမိခဲ့ပါတယ်။

ဖမ်းဆီးမှုကို မျက်မြင်တွေရှိသူ တရှပ်လှကျေးရွာ ကိုင်းစိုက်တောင်သူ၊ ဒေါ်မချိုက “ကိုင်းလာလုပ်တော့ ဒီမနက် ၇ နာရီခွဲလောက်ရှိမယ် ရောက်လာတော့ ကျောက်လှေတွေတော့ ရှိတာပေါ့နော်။ ၁၂ စီးလောက်ရှိတယ်။ လာတဲ့အချိန်မှာ ကျောက်ကြိုးတွေ ဖျက်ပြီးတော့ ထွက်ပြေးကြတာကို တွေ့တယ်၊ ရဲတွေလာလို့။ သူတို့က လှေနဲ့တော့ လိုက်တာပေါ့၊ မိတဲ့လှေလည်းမိမှာပေါ့၊ မမိတဲ့လှေလည်း မမိဘူးပေါ့” လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ သဲကျောက်ထုတ် စက်လှေ ၁၀ စီးကို သက်ဆိုင်ရာ ထုံးအိုင်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး လက်ရှိမှာ အရေးယူ အမှုဖွင့်လှစ်ထားတာမရှိသေးဘဲ ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့  ဘားအံမြို့နယ် ထုံးအိုင်နယ်မြေ ရဲစခန်းမှူး ရဲအုပ် ညီညီမိုးက ပြောပါတယ်။

“အမှုဖွင့်တာကတော့ ဘားအံမှာဖွင့်မှာ၊ ကျနော်တို့က ထိန်းပေးထားတာပဲရှိတယ်။ လူက ၁ စီးကို ၅ ယောက်နှုန်းနဲ့ ၄၅ ယောက်လောက်တော့ရှိမယ်။ ဒါပေမယ့် လောလောဆယ်မှာ ညွှန့်ကြားမှု မပေးသေးတဲ့အတွက်ကြောင့် ခေါ်ယူစစ်ဆေးနေတုန်းရှိတယ်။ အဲလှေတွေက လိုင်စင်ရှိသလား၊ ကောက်ကွက်ရှိလား၊ လုပ်ပိုင်ခွင့်ရှိသလား၊ အဲဒါလေးတွေကို ခေါ်ယူစစ်ဆေးပြီးမှ ဝန်ကြီးချုပ် ဆီတင်ပြ ဆောင်ရွက်ထားတုန်းပဲ ရှိတယ်။”

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013