DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေရသည့် ဟိန္ဒူများ​ နေရပ်​ပြန်​ရမည်ကို စိုးရိမ်​​နေ
DVB
·
September 30, 2017
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေရသည့် ဟိန္ဒူများ​ နေရပ်​ပြန်​ရမည်ကို စိုးရိမ်​​နေ
Donate to DVB

အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တောမြောက်ပိုင်းဒေသက ဟိန္ဒူတွေ အများစု နေထိုင်တဲ့ ကျေးရွာက အကြမ်းဖက်မှုတွေကြောင့် စစ်တွေမြို့၊ ဘူးသီးတောင်၊ မောင်တောမြို့ကို ထွက်ပြေးလာခဲ့ကြပါတယ်။

အခုလိုထွက်ပြေးတိမ်းရှောင်လာတဲ့ ဟိန္ဒူအများစုကတော့ မိမိနေရပ်ဒေသကို မပြန်လိုဘူးလို့ပြောကြပါတယ်။

ရဲဘော်ကျကျေးရွာက မိသားစုတွေသတ်ဖြတ်ခံခဲ့ရတဲ့ရှင်လာရှင်ဒီ အမျိုးသမီးက "ကျမမပြန်ချင်ဘူး၊ ဘယ်တော့ ပြန်မှာမဟုတ်ဘူး၊ ကျမတို့မိသားစုတွေ ဒီအကြမ်းသမားတွေ သတ်ပစ်လိုက်ကြတယ်။ ကျမမှာရှိတဲ့ ရွှေတွေ၊ ငွေတွေကိုအကုန်ယူသွားကြတယ်။ ကျမမှာတို့မိသားစုမှာ ဘာမှမကျန်တော့ဘူး၊ အခုကျမတို့ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့တယ်။ ကျေးဇူးပြုပြီးအဲဒီဒေသကို ကျမတို့ ပြန်မလွှတ်ပါနဲ့” လို့ပြောပါတယ်။

ရဲဘော်ကျကျေးရွာကသတ်ဖြတ်ခံရမှုမှာ သား ၂ ဦးပါသွားတဲ့ မောင်တောရပ်ကွက် ၄ က မီနုက “ပြန်မယ်ဆိုတာ ကျမဖြစ်နိုင်မယ် မထင်ပါဘူး။ ဒီနေ့အထိ မီးတွေလောင်နေသလို သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရဆဲပါ။ နောက်ပြီး ပြန်ရအောင် အကြောင်းပြချက်က မရှိတော့ဘူး။” လို့ ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က နယ်လုံဝန်ကြီး ဗိုလ်မှူး ဘုန်းတင့်ကတော့ နေရပ်စွန့် ခွာရှောင်တိမ်းနေတဲ့ ဟိန္ဒူတွေအတွက် ကျေးရွာကြီးတရွာကို ပြည်လည်ထူထောင် ပေးသင့်တယ်လို့ ၂၆ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် သဘာဝဘေးနဲ့ ပြန်လည်ထူထောင်ရေး အစည်း အဝေး မှာ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးလာကြတဲ့ ဒေသခံတိုင်းရင်းသား ဒုက္ခသည်တွေကို နေရပ်ကို အတင်းအကြပ်ပြန်လွှတ်မှာ မဟုတ်ပေမယ့် သူတို့ ပြန်နိုင်အောင် အခြေအနေတွေ ဖန်တီးပေးနေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောပါတယ်။

လက်ရှိအခြေနေမှာ ရခိုင်ပြည်နယ် အတွင်းနေရပ်စွန့်ခွာ ရှောင်တိမ်းနေတဲ့ ဟိန္ဒူ မိသားစု ၅၆၃ စု၊ လူဦးရေ ၂၇၅၂ ဦးရှိတယ်လို့ သိရပါတယ်။

သတင်း- ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013