DVB Logo
Home
ရွေးကောက်ပွဲ
ပြည်သူ့အဆုံးအဖြတ်ကိုပဲ ရဲရဲခံယူပါ
DVB
·
March 26, 2012
ပြည်သူ့အဆုံးအဖြတ်ကိုပဲ ရဲရဲခံယူပါ
Donate to DVB

အန်အယ်ဒီလ် ပါတီရဲ့ နေပြည်တော် အောင်နိုင်ရေးဆောင်ရွက်နေသူ  အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။



[caption id="attachment_21454" align="alignleft" width="300" caption="ဒေါက်တာမြတ်ဥာဏစိုး​"][/caption]

ရွေးကောက်ပွဲ ကျင်းပဖို့ တပတ်တောင် မလိုတော့ဘူးဆိုတော့ နေပြည်တော် ၄ နေရာ မှာ လက်ရှိ အနေအထား နဲ့ တွေ့ရှိရတဲ့ အခြေအနေတွေအရ အန်အယ်လ်ဒီ အနေနဲ့ ဘယ်နှနေရာလောက် အနိုင်ရမယ်လို့ ခန့်မှန်းမိ ပါသလဲ။


“အန်တီစု ပြောထားသ လို ရွေးကောက်ပွဲ ၀င်တာ အပျော်ဝင်တာ မဟုတ်ဘူး။ နိုင်အောင်လို့ ပြိုင်တာဆိုတော့ ၄ နေရာစလုံး နိုင်မယ်လို့ထင်ပါတယ်။ ဒါကတော့ ခံယူချက်ပေါ့။ ခံယူချက် ပြင်းပြင်းပြပြနဲ့ ကျနော်တို့ ၅ယောက်စလုံး လုပ်ဆောင်နေ ပါတယ်။ နေပြည်တော် တိုင်းဒေသကြီးဆိုတာက ပြည်ခိုင်ဖြိုးရဲ့ ဗဟိုအချက် အချာ နေရာဖြစ်တယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ၂ နေရာတော့ ကျိန်းသေ နိုင်ကိုနိုင်ရမယ်။ ၅၀ ရာခိုင်နှုန်းတော့ နိုင်ရမယ်လို့ မျှော်မှန်းပါတယ်။”

၅၀ ရာခိုင်နှုန်း နိုင်ဖို့အနေအထားနဲ့ အခြေအနေတွေ တွေ့နေရပြီလား။

“ကောင်းပါတယ်။ လူထုရဲ့ အားပေး ထောက်ခံမှုပေါ့။ မြို့ပေါ် ရပ်ကွက်တွေ မှာရော ကျေးရွာတွေကို ဆင်းတဲ့ အခါကျရင် လူထုတွေက သောင်းသောင်းဖြဖြ ကြိုဆို တာတွေ၊ ပန်းကုံးစွပ် ကြိုဆိုတာတွေ ရှိပါတယ်။ ဒါကြောင့် လူထုထောက်ခံမှု အခြေအနေ က  အင်မတန်မှ ကောင်းတဲ့ အနေအထားပါ။”

စောစောက ဒေါက်တာပြောတဲ့အထဲမှာ ကြံ့ခိုင်ရေး အားကောင်းတဲ့ နေရာဆိုတော့ သက်ဆိုင်ရာ အစိုးရ အဖွဲ့က အဖွဲ့ဝင်တွေရယ်၊ လွှတ်တော်မှာ ရှိနေတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေ အပါအ၀င် သူတို့ပါတီရဲ့ ကိုယ်စားလှယ်တွေ အတွက် ၀င်ရောက်ပြီးတော့ မဲဆွယ်တဲ့ လုပ်ရပ်မျိုးတွေ တွေ့မြင်ရသလား။

“နေပြည်တော် ကောင်စီနယ်မြေဆိုတာက  အစိုးရ ရုံးစိုက်ရာ ဒေသ ဖြစ်တဲ့ အတွက်ကြောင့် မို့ အကြောင်းပြရင်တော့ ပြမှာပေါ့။ ဒါကြောင့်မို့ ဒီနေရာကို နီးနီးစပ်စပ် သွားလာ လှုပ်ရှားနေတာပါလို့ ပြောရင် ရပါတယ်။ သို့သော်လည်း ပြည်သူလူထုက အခုချိန်မှာ နိုင်ငံရေး ရေချိန်က တော်တော်မြင့်လာပြီ။ ဒီအခါကျတော့ လမ်းတွေ ဖောက်တယ်၊ တံတားတွေ ဆောက်တယ်။ မီးတွေ ထွန်းပေးတယ် ဆိုတဲ့ အနေအထားက တဒင်္ဂပဲ ဖြစ်တယ်။ ဒါပေမယ့် လူထုတွေရဲ့ ရေရှည် လိုအပ်ချက်တွေ ကို ဖြည့်ဆည်းဖို့က ဘယ်သူဦးဆောင်တဲ့ ပါတီကို ရွေးချယ်ရမလဲ ဆိုတာကို သေသေချာချာ နားလည်နိုင်တဲ့ အခြေအနေကိုတော့ ရောက်လာပါပြီ။”

ဒေါက်တာ ကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့ဖူးတဲ့ ကိုယ်စားလှယ် တယောက် ဆိုတော့။ အခုမြင်နေရတဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနေအထားက ၂၀၁၀ နဲ့ နှိုင်းယှဉ်ကြည့်ရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဦးတည်နေတယ် လို့ မြင်ရလား။ ဘယ်လို ခန့်မှန်းမိလဲ။

“၂၀၁၀ နဲ့ နှိုင်းယှဉ်ရင်တော့ ၂၀၁၀ ကို ဖြတ်သန်းခဲ့ဖူးတဲ့ လူတယောက် အနေနဲ့ ပြောရရင်တော့ အများကြီး တိုးတက် လာတယ်။ ဒါပေမယ့် ကော်မရှင်တွေ မှာ ပြုစုထားတဲ့ မဲစာရင်းတွေ ဖြည့်ဆည်းမှု အားနည်းတာပေါ့။ ကွန်ပြူတာတွေ မရှိတာ၊ သန်းခေါင်စာရင်း ကောက်ယူထားခြင်း မရှိတဲ့ အတွက်ကြောင့် လွဲချော်မှုတွေတော့ ရှိနေပါတယ်။ သို့သော် ၂၀၁၀ ထက် စာရင်တော့ အများကြီး တိုးတက်လာတာ ကို တွေ့ရပါတယ်။

ကော်မရှင်အပိုင်းမှာလည်း ပြည်/ရွေး ကော်မရှင်၊ ပြည်နယ်၊ တိုင်းဒေသကြီး နဲ့ နေပြည်တော်ကောင်စီပေါ့။ ဒီ ကော်မရှင်တွေက တော်တော်လေးကို ပွင့်ပွင့်လင်းလင်း ရှိလာတယ်။ အကူအညီ ပေးပြီးတော့လည်း ဆောင်ရွက်ပါတယ်။ သို့သော် မြို့နယ်ကော်မရှင် အချို့နဲ့ ရပ်/ကျေး ကော်မရှင်တွေကတော့ လုပ်ရပ်လေးတွေမှာ နည်းနည်း လွဲနေပါသေးတယ်။

ဆိုလိုတာက ကော်မရှင်ဆိုတာက ရွေးကောက်ပွဲကြီး အောင်မြင်အောင် ကူညီ ပံ့ပိုးပြီး ဆောင်ရွက်ပေးရတာ။ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ကူညီဖို့ တာဝန်ရှိပါတယ်။ အာဏာပိုင် အဖွဲ့အစည်းများကဲ့သို့ အာဏာရ ပုဂ္ဂိုလ် လို ပြုကျင့် ဆောင်ရွက်နေတာ မျိုးတွေ ရှိနေတဲ့ အတွက်ကြောင့် နေပြည်တော်က ရုံးချုပ်နဲ့ ပြည်ထောင်စု ကော်မရှင်ကို လှမ်းပြီးတော့ ပြောရ၊ တင်ရပါတယ်။ အဲဒီလိုမျိုး အခက်အခဲလေးတွေတော့ ရှိပါတယ်။”

နောက်ဆုံးမေးခွန်းကတော့ မနေ့ တနေ့ကပဲ သမ္မတ ဦးသိန်းစိန် ပုသိမ်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အားလုံး စောင့်ကြည့်နေတယ်။ ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် သက်ဆိုင်ရာ အာဏာပိုင် အုပ်ချုပ်ရေးတွေကလည်း ၀ိုင်းပြီး ကူညီကြပါ။ ဆိုပြီး ပြောသွားတယ်။

သမ္မတ ပြောသလို နေပြည်တော်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကူညီကြတာ တွေ့သလား။ ဒါမှမဟုတ် နှောင့်ယှက်တာမျိုး တွေ့ရလား။

“ဟုတ်ကဲ့။ ပထမတုန်းကတော့ ကျေးရွာဘက်မှာ ကျနော်တို့ဘက် က ကြေညာ ချက် ခေါင်းစဉ် စာတမ်းတွေတို့၊ ပါတီ ဆိုင်းဘုတ်တွေကို ဖြဲတာမျိုးတွေ ရှိပါတယ်။ နောက်တခါ ဗိုလ်ချုပ်နဲ့ အန်တီစု ပုံကိုတောင်မှ ဖြဲပစ်တာတွေ ရှိပါတယ်။ သို့သော် တကြိမ်တခါ ကျူးလွန်ပြီးရင် ကျနော်တို့ တိုင်လိုက်ရင် ဒါတွေက ရပ်သွားတယ်။ ဒီကြားထဲမှာ တော်တော်ဆိုးဆိုး ၀ါးဝါးဖြစ်စဉ်ကတော့ ဥတ္တရသီရိ မြို့နယ်မှာ ဦးမင်းသူရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ လောက်လေးဂွနဲ့ အပစ်ခံရတဲ့ကိစ္စ၊ ဒါပေမယ့် တဘက်က ပြန်ပြောရရင်လည်း သက်ဆိုင်ရာ ရဲစခန်းတွေ ရဲ့ ဆောင်ရွက် မှုတွေ တော်တော်လေးကို အားကြိုးမာန်တက် ဆောင်ရွက်ပေး တာ တွေ့ရတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကျနော်တို့ဘက်က စည်းရုံးရေးမှူး မိန်းကလေးကို လည်း ဆေးကုသပေးရာမှာ လည်း ကျန်းမာရေး ၀န်ကြီးဌာနက ကုတင် ၁၀၀၀ ဆေးရုံကြီးကလည်း ပြည့်ပြည့်၀၀ကို စောင့်ရှောက်ပေးတာ တွေ့ပါတယ်။  နေပြည်တော်မှာ အခြေစိုက်တဲ့ နေပြည်တော်ကောင်စီနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက အတင်းကြီးတော့ ၀င်ရောက် စွက်ဖက်တာမျိုး မတွေ့ရပါဘူး။

ပုသိမ်မှာ သမ္မတကြီး ပြောသွားသလိုပဲ ဒီ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုကြောင်း။ တချိန်တည်းမှာပဲ လွှတ်တော်ဥက္ကဋ္ဌတွေက ဒါကို ပြောနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အင်မတန်မှ အရေးကြီးတယ်။ ကမ္ဘာက စောင့်ကြည့်နေတယ် ဆိုတာလည်း ပြောဆိုပြီး ဖြစ်ပါတယ်။ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေ လည်း ၀င်ရောက်လာမယ် ဆိုတော့ နောက်ဆုံး ပြောချင်တာတော့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့က  အားလုံးမှာ တာဝန်ရှိပါတယ်။

အဲဒီအတွက်ကြောင့် ပြည်သူ့အဆုံးအဖြတ်ကိုပဲ ရဲရဲခံယူပါ။ အရှုံးကို ခံနိုင်ကြပါစေ။ အရှုံးကို မခံနိုင်လို့ တရားမဲ့ ပြုကျင့်မှုတွေ ပြုရင်တော့ ပြုကျင့်သူရဲ့ တာဝန်သာ ဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013