DVB Logo
Home
မြန်မာသတင်း
မှော်ဘီတွင် သိမ်းဆည်းလယ်မြေ ပြန်ရရေး တောင်သူများ ဆန္ဒပြ
DVB
·
September 29, 2017
မှော်ဘီတွင် သိမ်းဆည်းလယ်မြေ ပြန်ရရေး တောင်သူများ ဆန္ဒပြ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာမှာ သံမဏိသံရည်ကြိုစက်ရုံအမှတ် ၂ က တောင်သူတွေဆီကနေ သိမ်းဆည်းထားတဲ့ လယ်မြေ ဧက ၂ ထောင်ကျော်ထဲက အသုံးမပြုတဲ့ မြေတွေ ပြန်ပေးဖို့နဲ့ နစ်နာကြေးပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

မြောင်းတကာကျေးရွာ၊ ရိုးဝကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ ကျွဲကူးကျေးရွာနဲ့ ကုန်းကလေးကျေးရွာတွေမှာ တောင်သူတွေဆီက သိမ်းဆည်းထားတဲ့ လယ်မြေ ၂၂၅၂.၈၈)ဧက ထဲက အသုံးမပြုတဲ့ မြေတွေကို တောင်သူတွေထံ ပြန်ပေးဖို့နဲ့ စက်ရုံဆောက်ထားတဲ့ မြေတွေအတွက်လည်း နစ်နာကြေးပေးဖို့ စက်တင်ဘာ ၂၈ ရက်နေ့က တောင်သူ ၁၀၀ ကျော် ဆန္ဒထုက်ဖော်ခဲ့ကြပါတယ်။

“၁၉၉၆/၉၇ ခုနှစ်က အမှတ်(၂)သံမဏိစက်ရုံစီမံကိန်း တည်ဆောက်ဖို့အတွက် ကျေးရွာတွေက လယ်မြေ ၂၂၅၂.၈၀ ဧကကို သိမ်းယူသွားပါတယ်။ ၂၀၁၂ ခုနှစ်မှာ စက်မူဇုန်တည်ဆောက်ရန်ဆိုပြီး (၁၀၂၅.၄၈) ဧကကို အိုးအိမ်ကို လွှဲပေးခဲ့ပါတယ်၊ ကျန်တဲ့ မြေ ၁၂၂၇.၄၀ ဧကကို အမှတ် ၂ သံမဏိစက်ရုံနဲ့ ဝန်ထမ်းအိမ်ရာဆောက်တာ ဧက ၂၀၀ လောက်သာရှိပါတယ်၊ ကျန်ဧက ၁၀၀၀ ကျော်ကို ခုချိန်ထိ လယ်သမားတွေ စိုက်ပျိုးလုပ်ကိုင်စားသောက်နေပါတယ်။ အဲဒါကို သူတို့ ၅၇.၇၀ ဧကကို လျှော်ကြေးမပေးရသေးတာ၊ ကျန်တာအကုန်လျှော်ကြေးပေးပြီးသားလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ကျမတို့ လယ်သမားတွေ မရပါဘူး။ ဒါကြောင့် ကျမတို့ လယ်သမားတွေက အသုံးမပြုတဲ့ လယ်တွေကို မူလလုပ်ကိုင်တဲ့ လယ်သမားတွေကို ပြန်ပေးဖို့နဲ့ အခုစက်ရုံဆောက်ထားတဲ့ ဧက ၂၀၀ ကိုလည်း လယ်သမားတွေကို နစ်နာကြေးပေးဖို့အတွက် အခုလိုတောင်းဆိုတာပါ” လို့ ဦးဆောင်ဆန္ဒပြသူ ဒေါ်ဌေးဌေးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ တောင်သူ ဦးချစ်ဝေက “ကျနော်တို့လယ်တွေ သူတို့သိမ်းတုန်းက စပါးပေါ်ချိန်ကြီး၊ လယ်တွေကို ဘတ်ဖိုးတွေနဲ့ ထိုးလိုက်ပါတယ်။ ကျနော်တို့ မျက်ရည်ကျခဲ့ရပါတယ်။ လယ်သမားတွေကို စိုက်ပျိုးစရိတ်ကုန်ကျငွေဆိုပြီး နည်းနည်းပေးပါတယ်။ ဒါတင်မဟုတ်ဘူး၊ တကယ်စိုက်ပျိုးလို့ကောင်းတဲ့ လယ်မြေတွေကို တူးဖော်ပြီး စက်ရုံဆောက်တော့သုံးတာ။ အခုဆိုလယ်တွေက ချိုင့်တွေအများကြီးပဲ။ မြေယာလျော်ကြေးမပေးပါဘူး၊ ကျနော်တို့ကို လယ်ပြန်လုပ်မယ်ဆို သီးစားခပေးရမယ်၊ ၁ ဧကကို စပါး ၅ တင်းပေးရမယ်ပြောတယ်။ ကျနော်တို့က လယ်သမားဆိုတော့ လယ်ပဲလုပ်တက်တယ်လေ ပေးလုပ်ရတာပေါ့။ အခုနောက်ပိုင်း သီးစားခတွေ ဖျက်လိုက်လို့ မပေးရတော့ပါဘူး။ အခုသူတို့က အကုန် ကာကွယ်ရေးပိုင်မြေလုပ်ဖို့ စီစဉ်နေတယ်ကြားပါတယ်။ ကျနော်တို့ တောင်သူတွေ အရမ်းနစ်နာပါတယ်။ ဒါကြောင့် ကျနော်တို့ လယ်တွေကို ပြန်လိုချင်ပါတယ်” လို့ ပြောပါတယ်။

တောင်သူတွေ အခုလို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ကျေးရွာ အုပ်ချူပ်ရေးမှူးက “လက်ရှိမှာတော့ လယ်သမားကြီးတွေက စိုက်ပျိုးနေတာပါ။ သူတို့အနေနဲ့ကလည်း ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်နေကြတာပါ။ သိမ်းထားတယ်ဆိုတာကတော့ ဥပဒေအတိုင်း ဘောင်ဝင်တယ်ဆိုတာကတော့ ကျနော်တို့ မသိပါဘူး။ သူတို့ဘက်ကတော့ ၃၉(က) ကျပြီးသားလို့တော့ ပြောပါတယ်။ ဘယ်သူပိုင်တယ်ဆိုတာကတော့ မသိပါဘူး။ ကျနော်တို့ မမီခဲ့တဲ့အချိန်က ကြားခဲ့တာက လျော်ကြေးရထားတယ်၊ လယ်သမားကြီးတွေကတော့ လက်မခံခဲ့ဘူးလို့ ကြားပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ ရယက ခေတ်ပေါ့နော်။ ကျန်အပိုင်းကတော့ သူတို့ပတ်သက်ရာပတ်သက်ကြောင်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက လုပ်ဆာင်တယ်လို့ သိရပါတယ်။ လယ်သမားတွေက သူတို့တကယ်မရလို့ အခုလိုဆန္ဒထုက်ဖော်တာကို ဘာမှမပြောလိုပါဘူး” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေက စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၉ နာရီအချိန်က မြောင်းတကာကျေးရွာအမှတ် ၃ ရပ်ကွက်ကနေ စတင်ထွက်ခွာခဲ့ပြီး အမှတ် ၂ သံမဏိစက်ရုံကိုချီတက်ဆန္ဒပြခဲ့တာပါတယ်။

စီမံကိန်းဖော်ဆောင်ခြင်းမရှိသည့် လယ်မြေဧက ၁၀၀၀ ကျော်ပြန်လည်ရရှိရေး၊ စီမံကိန်းမြေဖော်ဆောင်ထားတဲ့ လယ်မြေဧက ၂၀၀ ကျော်အတွက်လျော်ကြေးငွေရရှိရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013