DVB Logo
Home
Lead Story
ယှဉ်ပြိုင်မှုဥပဒေ ဆိုရာဝယ်
DVB
·
September 29, 2017
ယှဉ်ပြိုင်မှုဥပဒေ ဆိုရာဝယ်
Donate to DVB

“ယှဉ်ပြိုင်မှုဥပဒေ” ပြဋ္ဌာန်းလိုက်တော့ ပထမဆုံး ပြေးသတိရမိတာက မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ခံ ဘဝတုန်းက ပေါ်ပေါက်ခဲ့ဖူးတဲ့ မွန်သူဌေးကြီး ဦးနာအောက်နဲ့ ဗြိတိသျှပိုင် ဖလော်တီနာကုမ္ပဏီတို့ရဲ့ အဖြစ်အပျက်လေးကိုပါ။

ဦးနာအောက်ဆိုတာ မွန်လူမျိုး။ လက်လုပ်လက်စား အလုပ်သမားဘဝကနေ လုပ်ငန်းရှင်တဦး ဖြစ်လာသူ။ ကုမ္ပဏီသူဌေးပေါ့။  အစက သစ်ခုတ်သူ၊ နောက် သစ်လုပ်ငန်း ကုမ္ပဏီထောင်တယ်၊ မြေပိုင်ရှင်လည်း ဖြစ်တယ်။ ငွေရှိလာတော့ လုပ်ငန်းတွေ တခုပြီးတခု တိုးချဲ့လုပ်ကိုင်ရာက နောက်ဆုံး ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် မီးသင်္ဘောကုမ္ပဏီ ထောင်လိုက်တယ်။

သူ မီးသင်္ဘောကုမ္ပဏီ မထောင်မီကတည်းက သံလွင်မြစ်ကြောင်းတလျှောက်မှာ ပြေးဆွဲနေတာက “ဖလော်တီနာ” ပိုင် သင်္ဘောတွေ။ ဒီလမ်းခရီးကိုပဲ ဦးနာအောက်ပိုင် မီးသင်္ဘောတွေကလည်း ပြေးဆွဲတော့ အပြိုင်ဖြစ်လာတာပေါ့။

အပြိုင်ဖြစ်လာတော့ ဈေးကွက်လုလာကြပြီ။ ဈေးကွက်လက်ဦးမှု ရထားတာက ဖလော်တီနာ။ ဦးနာအောက်အတွက်ကလည်း ဈေးကွက်ဝေစုရရှိရေးက အရေးကြီးသလို ဖလော်တီနာ ကုမ္ပဏီအတွက်ကလည်း ဈေးကွက်ဝေစု ခွဲမပေးရရေးကလည်း အရေးပါနေတယ်။

သူ့ဘက်ကြည့်တော့ ဈေးကွက်လက်ဦးမှု ရထားပေမယ့် ဦးနာအောက်က ဒေသခံ။ ဒီတော့ ဈေးကွက်ယှဉ်ပြိုင်မှု လုပ်ကြပြီ။ အစမှာတော့ ဝန်ဆောင်မှု အပြိုင်လုပ်လာတယ်။ ဝန်ဆောင်မှု အားပြိုင်ရာမှာ သိပ်မကွာတော့တဲ့အချိန် ယာဉ်စီးခနှုန်းထားတွေ အပြိုင်လျှော့ချလာတယ်။

ယာဉ်စီးခနှုန်းထား လျှော့ချတာမှာ ခရီးသည်တွေ အခပေးစရာမလိုဘဲ အလကားစီးခွင့်အထိ လျှော့ချလိုက်တယ်။ အလကားစီးခွင့်ကို တူညီစွာ ဖြစ်လာတော့ ခရီးသည်တွေကို လက်ကိုင်ပဝါတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို လက်ဆောင်ပေးတဲ့အထိ အပြိုင်ဖြစ်လာတော့တယ်။

ဦးနာအောက်ဟာ ရေရှည်မှာ မယှဉ်ပြိုင်နိုင်တော့ဘဲ သူပိုင် မီးသင်္ဘောတွေကို ဖလော်တီနာဆီကို ထိုးရောင်းလိုက်ရပါတော့တယ်။ အချို့ကတော့ “မြန်မာနိုင်ငံသားတွေက ဦးနာအောက်ကိုပဲ ပုံပြီးအားပေးကြရမှာ” လို့ ဝံသာနုစိတ်နဲ့ ပြောကြတာတွေလည်း ရှိပါတယ်။

ဖလော်တီနာကုမ္ပဏီအနေနဲ့က ဈေးကွက်ယှဉ်ပြိုင်မှုမှာ တဖက်ကုမ္ပဏီကို အပြုတ်တိုက်ဖို့ ဘယ်လောက် အဆုံးရှုံးခံလိုက်ရင် ရပြီဆိုတဲ့ တွက်ချက်မှု ရှိကောင်းရှိနိုင်ပါတယ်။ အဆုံးရှုံးခံနိုင်တဲ့ အနေအထားကို တွက်ချက်ပြီးမှ တိုက်တာပါ။ ဒါဟာ စီးပွားရေးတိုက်ပွဲသာ ဖြစ်တယ်။ တရားမျှတတဲ့ ယှဉ်ပြိုင်မှု မဟုတ်ဘူး။ ဈေးနှုန်း ကွာခြားချက်ဟာ ယှဉ်ပြိုင်မှုတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ယှဉ်ပြိုင်မှုနဲ့ လက်ဝါးကြီးအုပ်မှု (Monopoly) ဟာ ကွာခြားပါတယ်။ ပြိုင်ဘက်အဖွဲ့အစည်းကို အသေသတ်ခြင်းဟာ လက်ဝါးကြီးအုပ်မှု ဖြစ်တယ်။ ဒါကြောင့်လည်း ဈေးကွက်လက်ဝါးကြီးအုပ်မှု အကာကွယ်ပေးရေးဥပဒေ (Anti-Trust Law) or (Competitation Law) ဟာ လိုအပ်ချက်တခု ဖြစ်နေခြင်းပါပဲ။

မြန်မာနိုင်ငံမှာတော့ ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ် ဖေဖ်ာဝါရီလမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပြဋ္ဌာန်းဥပဒေ အသက်ဝင်ပါတယ်။ ဒါပေမယ့် ၁၉၈၉ ကနေ ၂၀၁၇ အထိ နှစ်ပေါင်း ၃၀ နီးပါး အာဏာပိုင်နဲ့ နီးစပ်သူတွေ၊ အာဏာနဲ့ အကာအကွယ် ပေးခံရတဲ့သူတွေကပဲ ဈေးကွက်ကို လက်ဦးမှုယူထားပြီး ဖြစ်နေတဲ့အတွက် ကျန်လုပ်ငန်းရှင်တွေဟာ မပြိုင်မီက ရှုံးနေပြီလို့တောင် ဆိုရမလိုပါပဲ။

ဒါ့အပြင် နိုင်ငံခြားကုမ္ပဏီနဲ့ ပြည်တွင်း တိုင်းရင်းသားကုမ္ပဏီတို့ရဲ့ ယှဉ်ပြိုင်မှုဟာ တချိန်က ဦးနာအောက်နဲ့ ဖလော်တီနာကုမ္ပဏီတို့လို ဖြစ်သွားလေမလားလို့ သံသယနဲ့ စောင့်ကြည့်နေတာတွေကလည်း ရှိနေတာကြောင့် ဒီတပတ် ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ (Law Lab) အစီအစဉ်မှာ တင်ဆက်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားထားသူတွေကတော့ ဥပဒေပညာရှင် ဦးမောင်မောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒ ဌာနခွဲရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံပယ်ကြည်မောင်နဲ့ မုံရွာ စီးပွားရေးတက္ကသိုလ်၊ ဝါဏိဇ္ဇဗေဒဌာနရဲ့ ပါမောက္ခ ဌာနမှူး ဒေါက်တာအောင်ကျော်တို့ ဖြစ်ပါတယ်။

ဒီဥပဒေ ပေါ်ပေါက်လာပုံအကြောင်း၊ အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဥပဒေပညာရှင် ဦးမောင်က “ဒီဥပဒေကို စတင်ရေးဆွဲခဲ့တာက ၂၀၀၃ ခုနှစ်ကတည်းကပါ။ ဈေးကွက်စီးပွားရေးအရ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိရမယ်။ ယှဉ်ပြိုင်မှုရဲ့ အသီးအပွင့်အဖြစ် ပြည်သူလူထုက အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာစွာ သုံးစွဲခွင့်ရရှိမှာပါ။ စားသုံးသူအတွက် ရည်ရွယ်ချက်ကောင်းနဲ့ ပြဋ္ဌာန်းတာပါ။ ဒါပေမယ့် မသမာတဲ့နည်းနဲ့ ယှဉ်ပြိုင်တာတွေလည်း ရှိလာနိုင်တယ်။ ကုန်ပစ္စည်းမျိုးတူအချင်းချင်း ညှိနှိုင်းပြီး ဈေးကွက်ကိုချုပ်ကိုင်ပြီး အဓမ္မ ဈေးကစားတာတွေလည်း ရှိလာနိုင်တာပါပဲ” လို့ ဆိုပါတယ်။

ဒေါက်တာစံပယ်ကြည်မောင်ကတော့ “ယှဉ်ပြိုင်မှုကို အားပေးပြီး နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့ ရည်ရွယ်ချက်လည်း ပါတာပေါ့။ ဒီဥပဒေမှာ ယှဉ်ပြိုင်မှုကို လက်ဝါးကြီးအုပ်မယ့် သူတွေကို ထိန်းချုပ်ထားတဲ့အချက်တွေ၊ ကန့်သတ်ထားချက်တွေလည်း ပါတယ်။ တရားမမျှတတဲ့ ယှဉ်ပြိုင်မှုတွေဖြစ်တဲ့ အောက်ဈေးနဲ့ရောင်းပြီး ဈေးကွက်လုတာမျိုးတွေ၊ လုပ်ငန်းတူချင်း ပေါင်းပြီး စားသုံးသူကို ဈေးတင် ချုပ်ကိုင်တာမျိုးတွေကို ကန့်သတ်ထားတယ်” လို့ ဥပဒေပါ တားမြစ်ချက်အချို့ကို ဆွေးနွေးသွားတာပါ။

ဒေါက်တာအောင်ကျော်ကတော့ “ဈေးကွက်လက်ဝါးကြီးအုပ်မှု မရှိအောင် ဥပဒေပါ အချက်တွေအတိုင်း လိုက်နာဖို့လိုတယ်။ ဥပဒေအတိုင်း မလိုက်နာရင် မျက်နှာမလိုက် အရေးယူသင့်တယ်။ ဒီအချက်သာမရှိရင် တိတိကျကျ မလုပ်ဆောင်နိုင်ရင် ဒီဥပဒေဟာ အသက်ဝင်မလာနိုင်ဘူး။ တင်ဒါခေါ်တာကအစ၊ လက်သင့်ရာ ဦးစားပေးလုပ်ကိုင်တတ်တဲ့ အာဏာရှင် အကျင့်ဆိုးတွေ မပယ်ရှားနိုင်သရွေ့တော့ ဘယ်လောက်ကောင်းတဲ့ဥပဒေ ဖြစ်ပါစေ အဲဒီဥပဒေဟာ အသက်ဝင်လာမှာ မဟုတ်ဘူး” လို့ သူ့အတွေး၊ သူ့ကြုံတွေ့ရမှုတွေနဲ့ ယှဉ်ပြီး ဆွေးနွေးသွားတာပါ။

ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်တွေဟာ လက်တွေ့ မြန်မာပြည် အနေအထားကို ပေါ်လွင်မြင်သာအောင် ရှင်းပြခဲ့ကြပါတယ်။ ဥပဒေရဲ့ အားနည်းချက်တွေ ထောက်ပြခဲ့ပေမယ့် ဥပဒေကတော့ ပြဋ္ဌာန်းလိုက်ပါပြီ။ အသက်ဝင်ဖို့ပဲ လိုပါတော့တယ်။

ဈေးကွက်လက်ဝါးကြီးအုပ်မှုဆိုတာ အာဏာရှင်လက်အောက် ရောက်ခဲ့တဲ့နိုင်ငံတိုင်း ကြုံတွေ့ခဲ့ဖူးပြီးသားပါ။ လက်ဝါးကြီးအုပ်မှုဟာ အကျိုးများတဲ့ အရင်းအမြစ် ခွဲဝေနေရာချထားမှုကို မဆောင်ရွက်နိုင်ပါဘူး။

ဒါ့အပြင် လက်ဝါးကြီးအုပ်မှုကြောင့် တချိန်ချိန်မှာ အရင်းစုပုံမှုပြဿနာကို မလွဲမသွေ ကြုံတွေ့ရနိုင်တာကြောင့် အရင်းရှင်စနစ် ကြီးထွားတဲ့ အမေရိကန်လို နိုင်ငံကြီးတွေမှာတောင် Anti-Trust Law ကို ပြဋ္ဌာန်းထိန်းချုပ်ထားရပါကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013