DVB Logo
Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းအစွန်အဖျားကျေးရွာ ၁၂ ရွာမှ လူ ၂၀၀၀ ခန့် စားနပ်ရိက္ခာပြတ်တောက်နေ
DVB
·
September 28, 2017
မောင်တောမြောက်ပိုင်းအစွန်အဖျားကျေးရွာ ၁၂ ရွာမှ လူ ၂၀၀၀ ခန့် စားနပ်ရိက္ခာပြတ်တောက်နေ
1 / 4
Donate to DVB

 

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး တလကျော်ကြာလာချိန်မှာ မောင်တောမြောက်ပိုင်းက နန်းရာကိုင်းကျေးရွာနဲ့ အနီးအနားက ကျေးရွာပေါင်း ၁၂ ရွာမှာ စားနပ်ရိက္ခာ ပြတ်တောက်နေပြီလို့  ရွာသားတွေက ပြောကြပါတယ်။

နန်းရာကိုင်းကျေးရွာမှာ နေထိုင်တဲ့ ဦးမင်းအောင်က“ကျနော်တို့ရွာမှာ ပုံမှန်အလုပ်လုပ်လို့မရဘူး။ အလုပ်လုပ်ဖို့နေရာကလည်း တောထဲမှာ ဆိုတော့ မိသားစုနဲ့ တောထဲသွားလုပ်ရမှာလည်း စိုးရိမ်စရာဖြစ်တယ်။ မနေ့ကလည်း နယ်မြေ ၄ ဘက်မှာ မူဆလင်တွေက လူပေါင်း ၁၅၀ လောက်ဝင်လာမယ်ဆိုပြီးတော့ မိုက်တွေနဲ့ အော်ကြတော့ ကင်းစောင့်နေရတော့ အလုပ်ကိုလုပ်လို့မရပါဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကူညီထောက်ပံ့ရေးအဖွဲ့တွေ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေက ကျေးရွာတွေမှာ လာရောက်လှူဒါန်းတာနဲ့ အစိုးရအစီအစဉ်နဲ့ စားနပ်ရိက္ခာ ပို့ပေးတာရှိပေမယ့် အခုကျေးရွာတွေ ကိုတော့ မရောက်နိုင်ကြသေးတဲ့အတွက် စက်တင်ဘာလကုန်ပိုင်းအထိ အကူအညီတခါမှ မရဖူးသေးဘူးလို့လည်း ပြောကြပါတယ်။

ဗန်တပ်ရွာက ဦးရန်ရူကလည်း “အစိုးရက ရဟတ်ယာဉ်နဲ့လာပို့တာ တခါရှိတယ်။ သိပ်များများမပါလို့ လောက်ငတာတော့မဟုတ်ဘူး။ အလှူရှင်တွေလည်း ဝေးလို့ မလာနိုင်ကြဘူး ထင်ပါတယ်။ ကျနော်တို့က ကားလမ်းဘေးမှာ နေကြတာလည်းမဟုတ်တော့ ကျနော်တို့ စားသောက်ရေးပြတ်လပ်နေတာ ဘယ်သူမှ မသိနိုင်ဘူးဖြစ်နေပါတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး သာမန်အရောင်းအဝယ် လုပ်ငန်းတွေပါ ရပ်တန့် နေတဲ့အတွက် ငွေရှိရင်တောင် ဝယ်လို့မရနိုင်တော့လို့ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ တွေ့ကြုံနေ ရတာပါ။ ဆန်၊ ဆီ စတဲ့ အခြေခံစားသောက်ကုန်အပြင် အဝတ်အထည်၊ ဓာတ်မီးနဲ့ ဆေးဝါးအကူအညီ လိုအပ်နေပြီလို့ ဦးမင်းအောင်က ဆိုပါတယ်။

အခုအခက်အခဲဖြစ်နေတဲ့ နေရာတွေဟာ ခမောင်ဆိပ်ကျေးရွာရဲ့ အထက်ပိုင်းမှာရှိပြီး တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ မြို တိုင်းရင်းသား ကျေးရွာတွေပါ။

မောင်တောမြောက်ပိုင်း အစွန်အဖျားက ကျေးရွာတွေဖြစ်တဲ့အတွက် နေရပ်က တိမ်းရှောင်လာဖို့ လုံးဝမဖြစ်နိုင်တဲ့အတွက် ကျန်ရှိနေခဲ့ကြတာပါ။ နန်းရာကိုင်း၊ ကျောက်လုံး၊ ဗန်တပ်၊ လေးမြို့ကေတီစတဲ့ ကျေးရွာတွေကဖြစ်ပြီး အခက်အခဲကြုံနေရသူ လူဦးရေ နှစ်ထောင်ခန့် ရှိတယ်လို့သိရပါတယ်။

ဓာတ်ပုံ - မောင်တောမြောက်ပိုင်းရှိ မြိုကျေးရွာတရွာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013