DVB Logo
Home
Lead Story
ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ (အပိုင်း ၃)
DVB
·
September 28, 2017
ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ (အပိုင်း ၃)
Donate to DVB

(တတိယဗမာနိုင်ငံတော်နှင့် ကိုလိုနီစစ်ပွဲများမတိုင်မီ ဗမာပြည်)

(The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ”အမည်နဲ့ မြန်မာဘာသာပြန်ဆို ရေးသားခဲ့ပါတယ်။)

(၅) အလောင်းဘုရားနှင့် တတိယဗမာနိုင်ငံတော်

အင်းဝကို သိမ်းပိုက်ထားတဲ့ မွန်တွေရယ်၊ အရှေ့ခြမ်းက ဂွေ့ရှမ်းတွေနဲ့ အလောင်းဘုရားဘွဲ့ခံ ဦးအောင်ဇေယျ အစရှိတဲ့ အဓိကပြိုင်ဘက် အင်အားစုကြီး ၃ စုဟာ ဗမာနိုင်ငံကို စိုမိုးခွင့်ရအောင် ကြိုးပမ်းခဲ့ကြပါတယ်။ အေဒီ ၁၇၅၂ ခုနှစ်မှာ မုဆိုးဘိုကို အလောင်းဘုရားဟာ ထန်းလုံးတပ် ကာရံခဲ့တယ်။ အဲဒီကနေ အလောင်းဘုရား တပ်တွေဟာ မွန်တပ်တွေကို ၃ ကြိမ်တိုင်တိုင် ခုခံမောင်းထုတ်နိုင်ခဲ့တယ်။ အဲဒီတိုက်ပွဲတွေအတွက် အလောင်းဘုရားဟာ သူ့ရဲ့ လက်တွဲဖော်တွေနဲ့ မြင်းရည်တက်သူရဲကောင်း ၆၈ ဦးကို ဖွဲ့စည်းခဲ့တယ်။ အဲဒီစစ်သူရဲကောင်းတွေဟာ မကြာမီမှာပဲ အလောင်းဘုရားရဲ့ မျိုးချစ်တပ်တော်မှာ တပ်မှူးစစ်ကဲကြီးတွေ ဖြစ်လာခဲ့တယ်။

ဦးအောင်ဇေယျဟာ သူ့ကိုယ်သူ ဗမာတနိုင်ငံလုံးရဲ့ ဘုရင်အဖြစ် ကြေညာခဲ့ပြီး နောင်လာလတ္တံ့မှာ ဘုရားအလောင်းတော် ဖြစ်လာမယ့်သူလို့ အဓိပ္ပာယ်ရတဲ့ အလောင်းဘုရားဘွဲ့ကို ခံယူခဲ့တယ်။ သူ့ရဲ့ဇာတိရွာကို အမည် ၅ မျိုး… မုဆိုးဘို၊ ရွှေဘို၊ ကုန်းဘောင်၊ ရန်ကြီးအောင်၊ ရတနာသိင်္ဃလို့ နာမည်ပေးပြီး မြို့တော်အဖြစ် တည်ခဲ့တယ်။

အလောင်းဘုရားဟာ ရေကျုံး၊ အုတ်မြို့ရိုး၊ နန်းတော်၊ ပြအိုး၊ ပြာသာဒ်တွေသာမက ရေသွင်းစိုက်ပျိုးနိုင်အောင် မြို့ပြင်မှာလည်း နန္ဒာကန်လို့ အမည်ရှိတဲ့ ကြီးမားတဲ့ ရေကန်ကို တူးစေပြီး မုဆိုးဘိုရွာကို မြို့တော်အဖြစ် ပြောင်းလဲခဲ့တယ်။ အဲဒီအချိန်ကစလို့ သူ့ဘဝကို သေသည့်တိုင် အနားမယူတဲ့ စစ်ဘုရင်ကြီးဘဝကို စတင်ခဲ့တာပါပဲ။

အလောင်းဘုရားရဲ့ ရည်မှန်းချက်မဟာဗျူဟာမှာ အပိုင်းနှစ်ပိုင်း ပါဝင်တယ်။ ပထမပိုင်းကတော့ ကျန်စစ်သားမင်းလို ပြန့်ကျဲနေတဲ့ နိုင်ငံတော်ကို စုစည်းဖို့ဖြစ်ပြီး ဒုတိယပိုင်းကတော့ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အစဉ်တစိုက် နှောင့်ယှက်နေတဲ့ အိမ်နီးချင်း တိုင်းပြည်တွေကို သိမ်းပိုက်နှိမ်နင်းဖို့ပါပဲ။

တိုက်ပွဲတိုင်းကို လွယ်လင့်တကူ ခမ်းနားကြီးကျယ်စွာ အောင်နိုင်ခဲ့တယ်။ ဒါကြောင့်မို့လို့လည်း လွန်ဆေးအရပ်ကိုတောင် မြန်မြန်ဆန်ဆန် အောင်နိုင်ခဲ့လို့ ‘မြန်အောင်’၊ ရန်သူတွေကုန်သွားတဲ့ ဒဂုံအရပ်ကို ‘ရန်ကုန်’လို့ နာမည်ပြောင်းလဲပေးခဲ့တယ်။

နှစ်အနည်းငယ်အတွင်းမှာ မဏိပူရနယ် အပါအဝင် တနိုင်ငံလုံးကို စုစည်းသိမ်းပိုက်နိုင်ခဲ့ရုံမက ဗမာပိုင်နက်မှာ ကျူးကျော်ဝင်ရောက်ထားတဲ့ နိုင်ငံခြားသားတွေရဲ့ ကုန်သွယ်မှု ခြေကုပ်စခန်းတွေကို မောင်းထုတ်နိုင်ခဲ့တယ်။ အဲဒီနောက်တော့ အေဒီ ၁၇၆၀ မှာ အလောင်းဘုရားဟာ သူ့ရဲ့အင်ပါယာကို ယိုးဒယားနယ်ထဲအထိ ချဲ့ထွင်ခဲ့တယ်။ ဒါပေမယ့်လည်း ကံမကောင်း အကြောင်းမလှစွာနဲ့ အလောင်းဘုရားဟာ နန်းစံသက် ၈ နှစ် ကြာပြီးတဲ့နောက် နာမကျန်းဖြစ်ပွားလို့ ကံတော်ကုန်ခဲ့တယ်။

သူ နန်းမတက်ရသေးခင် အေဒီ ၁၇၅၂ ခုနှစ်ကာလတုန်းကတော့ သူ့နိုင်ငံနဲ့ သူ့လူမျိုးတွေဟာ အကွဲကွဲအပြားပြား ဖိနှိပ်အနိုင်ကျင့်ခံရလို့ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပေမယ့် သူ နတ်ရွာစံ ကံတော်ကုန်ခဲ့ရတဲ့ အေဒီ ၁၇၆၀ ခုနှစ်မှာတော့ သူ့ပြည်သူတွေကို စုစည်းနိုင်ခဲ့ရုံမက သူ့ကို ဆက်ခံမယ့်သူနဲ့တကွ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်အရှိန်အဝါကိုပါ ထားရစ်နိုင်ခဲ့တယ်။

အလောင်းဘုရားနဲ့ သွေးသောက်ရဲဘက်တော်တွေ ရရှိခဲ့တဲ့ အောင်မြင်မှုတွေထဲက ထင်ထင်ရှားရှား ပြသနိုင်ခဲ့တာတွေကတော့ ဗမာ့ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသဘော ပုံစံဖြစ်တဲ့ လူတန်းစား မခွဲခြားမှု၊ အမျိုးသားနဲ့ အမျိုးသမီး တန်းတူရည်တူ ရှိမှုတွေပါပဲ။

ဆင်ဖြူရှင်များရှင် ယိုးဒယားပြည် အယုဒ္ဓယကို အေဒီ ၁၇၆၇ မှာ သိမ်းယူခဲ့သလို ဟန်တရုတ်တွေကလည်း အေဒီ ၁၇၆၃ ကနေ ၁၇၆၉ ခုနှစ်အတွင်း လေးကြိမ်တိုင်တိုင် ဗမာနိုင်ငံတော်ကို ကျူးကျော်ခဲ့ပြီးမှ အေဒီ ၁၇၆၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်။

အဲဒီလိုနဲ့ အေဒီ ၁၇၅၂ ခုနှစ်မှာ အလောင်းဘုရား တည်ထောင်ခဲ့တဲ့ တတိယဗမာနိုင်ငံတော်ဟာ မင်းဆက်ပေါင်း ၁၁ ဆက် စိုးစံခဲ့ပြီး ၁၈၈၅ ခုနှစ်ထိ တည်တံ့ခဲ့တယ်။ တကယ်လို့ အလောင်းဘုရားသာ နောက်ထပ် ၈ နှစ် အသက်ရှည်နိုင်ခဲ့ရင် ဗမာနိုင်ငံတော်ဟာ လက်ရှိနိုင်ငံနယ်နိမိတ်ထက် ဘယ်လောက်ထိ ပိုမိုကြီးမား ကျယ်ပြန့်နေမလဲလို့ ဘယ်သူများ သိနိုင်မှာလဲ။

တတိယဗမာနိုင်ငံတော်ခေတ်မှာ ဗမာစာပေဟာ များစွာ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ကုန်းဘောင်ခေတ်မှာ ထင်ရှားကျော်ကြားတဲ့ အမျိုးသားစာဆို၊ အမျိုးသမီးစာဆိုများစွာ ပေါ်ထွန်းခဲ့တယ်။ သူတို့ထဲက အများစုဟာ နန်းတော်တွင်းမှာသာမက အရပ်သား ပြည်သူတွေကြားထိ လူသိများ ထင်ရှားခဲ့တယ်။ တချို့ကို ဖော်ပြရရင် လက်ဝဲသုန္ဒရ၊ ဦးစ၊ ဦးကြင်ဥ၊ ပဒေသရာဇာ၊ လှိုင်ထိပ်ထား၊ ခင်ဆုံ၊ ကျည်းကန်ရှင်ကြီး၊ ရကန်ဦးတိုး၊ ဦးပုည၊ အချုပ်တန်းဆရာဖေ စတဲ့ စာဆိုတော်ကြီးတွေ ဖြစ်တယ်။

ဗမာဘုရင်တွေထဲက ဒုတိယနောက်ဆုံးမင်းဖြစ်တဲ့ မင်းတုန်းမင်းတရားကြီးရဲ့ ကောင်းမှုတော်နဲ့ ၁၈၇၂ ခုနှစ် ရတနာပုံ မန္တလေးမြို့မှာ ပဉ္စမသင်္ဂါယနာ တင်တော်မူနိုင်ခဲ့တယ်။

(၆) ကိုလိုနီစစ်ပွဲများမတိုင်မီ ဗမာပြည်

အေဒီ ၁၈၁၉ ခုနှစ်မှာ ဘိုးတော်ဘုရား လွန်ပြီးတဲ့နောက် မြေးတော် ဘကြီးတော်ဘုရား နန်းတက်ခဲ့တယ်။ နိုင်ငံတော်ဟာ ယခင်ကရှိခဲ့တဲ့ ပိုင်နက် နယ်နိမိတ်ထက် ပိုမိုကျယ်ပြောလာပေမယ့် တည်ငြိမ်အေးငြိမ်းမှုတော့ မရှိခဲ့ပါဘူး။ လူသားတွေဟာ စစ်ပွဲတွေ ဆင်နွှဲနေရမှာထက် ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဂီတဖွံ့ဖြိုးတိုးတက်ရေးကို စစ်နားချိန်တွေမှာ ဇောက်ချလုပ်ကိုင်ဖို့ တခါတရံ ပိုအားသန်တတ်ကြတယ်။ ကျော်ကြားတဲ့ ပါရမီရှင် စာဆိုအနုပညာရှင် အတတ်ပညာရှင် များစွာ အထင်အရှား ပေါ်ထွန်းလာခဲ့တယ်။ နိုင်ငံရဲ့ အပြင်ဘက်မှာတော့ မန်ချူးမင်းဆက်ရဲ့ အင်ပါယာဟာ အကျပိုင်းထဲ ဝင်ရောက်လာချိန် ဖြစ်တယ်။

တချိန်တည်းမှာပဲ သစ်လွင်ပြီး လွတ်လပ်တဲ့ ယိုးဒယားလူမျိုးတွေဟာ ပြန်လည်တောင့်တင်းဖွံ့ဖြိုးလာဖို့ အားယူလာသလို ပြင်သစ်နဲ့ ဗြိတိသျှ ကိုလိုနီနယ်ချဲ့တွေဟာ လက်ဦးမှုရဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ကြတယ်။ အိန္ဒိယဘက်မှာလည်း အထူးသဖြင့် ဗြိတိသျှတွေဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှကို ကိုလိုနီကျွန်ပြုဖို့ အကောင်းဆုံး ခြေကုပ်ယူနိုင်ခဲ့ပါတယ်။

ဥရောပသား ကိုလိုနီနယ်ချဲ့တွေဟာ ပထမ သာသနာပြုမစ်ရှင်လွှတ်မယ်၊ ဒုတိယ ကုန်သွယ်ရေးအကြောင်းပြလို့ ခြေကုပ်ယူမယ်၊ တတိယအဆင့်ကတော့ စစ်တပ်တွေနဲ့ ဝင်ရောက်ကျူးကျော်ခြင်း စတဲ့ Missionary, Merchant, Military ဆိုတဲ့ “မ” သုံးလုံး သီအိုရီကို သုံးပြီး အရှေ့တိုင်းကို သူတို့ရဲ့ ကိုလိုနီအင်ပါယာထဲ သွတ်သွင်းခဲ့ကြတာပါပဲ။

ဥရောပ အနောက်တိုင်းသားတွေဖြစ်တဲ့ အီတလီ၊ ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ပြင်သစ်၊ ရုရှား၊ အင်္ဂလိပ်လူမျိုးတွေအတွက် အရှေ့တိုင်းအာရှနိုင်ငံတွေဆီ ပင်လယ်လမ်း၊ ကုန်းလမ်း နှစ်မျိုးစလုံးက ရောက်နိုင်တယ်။ အဲဒီဥရောပသား အားလုံးဟာ ဗမာနိုင်ငံနဲ့ ကုန်သွယ်ရေး အဆက်အသွယ်ပြုခဲ့ကြတာ ရာစုနှစ်များစွာကတည်းက ဖြစ်တယ်။ ကုန်သွယ်ရေးပစ္စည်းတွေကတော့ အမျိုးစုံပါပဲ။

စိုက်ပျိုးရေးထွက်ကုန်အနေနဲ့ ဝါဂွမ်း၊ ပိုးထည်၊ ပဲအမျိုးမျိုး၊ ဆန်စပါး စတာတွေနဲ့ သစ်တောထွက်ကုန်တွေဖြစ်တဲ့ ကျွန်း၊ ပျဉ်းကတိုး၊ သစ်မွှေး သစ်မာအမျိုးမျိုး၊ ဆင်နဲ့ ဆင်စွယ်၊ ကျား၊ ကျားသစ်၊ သမင်၊ ဒရယ်၊ မြင်း၊ စပါးကြီးမြွေ အစရှိတဲ့ တောရိုင်းတိရစ္ဆာန် အရေခွံအမျိုးမျိုးအပြင် စဥ့်အိုးစဥ့်ထည်ပစ္စည်းတွေနဲ့ မြောက်မြားလှတဲ့ ဒေသထွက်ကုန်မျိုးစုံ ပါဝင်တယ်။ ဥရောပသားတွေ မျက်စိအကျဆုံး ဗမာ့ထွက်ကုန်တွေကတော့ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ရွှေ၊ ငွေ၊ ပယင်း စတဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေပဲ ဖြစ်တယ်။ ဒါကြောင့်လည်း ဗမာလူမျိုးတွေကြား အရွှမ်းဖောက် ပြောလေ့ရှိတဲ့ စကားတခွန်းရှိတယ်။ ဗမာပြည်ဟာ စစ်ဖိနပ်အောက် နှစ် ၅၀ ကျော် နေခဲ့ရတော့ သယံဇာတတွေ ကြွယ်ဝပါရက်နဲ့   တိုင်းပြည်က ချမ်းသာပြီး ပြည်သူတွေ မွဲနေရတာပါတဲ့။

အင်ဒိုချိုင်းနားလို့ ခေါ်ကြတဲ့ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနယ်ကို ပြင်သစ်တွေ ကိုလိုနီပြုဖို့၊ ဗမာနိုင်ငံကိုတော့ အင်္ဂလိပ်ကိုလိုနီပြုဖို့နဲ့ ယိုးဒယားနိုင်ငံကိုတော့ ကြားခံနယ်အဖြစ် ထားရှိဖို့အတွက် ကိုလိုနီအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်နဲ့ အင်္ဂလိပ်တွေကြား သဘောတူ ခွဲဝေသတ်မှတ်ထားခဲ့ကြတယ်။

တကယ်တော့ အဲဒီသဘောတူညီချက်က အင်္ဂလိပ်နဲ့ ဗမာကြား၊ ပြင်သစ်နဲ့ အင်ဒိုချိုင်းနား နိုင်ငံများကြားမှာ ခါးသီးတဲ့ ပဋိပက္ခတွေ ပိုမိုတိုးပွားလာစေခဲ့တယ်။ အေဒီ ၁၇၈၄ ခုနှစ်မှာ ဘိုးတော်ဘုရား ရခိုင်ပြည်ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ရခိုင်ဒေသဟာ မငြိမ်မသက် ပိုဖြစ်လာခဲ့တယ်။ အဲဒါအပြင် ရခိုင်ပြည်က မဟာမြတ်မုနိဘုရား ရုပ်ပွားတော်ကြီးကို ဘိုးတော်ဘုရားက မန္တလေးမြို့ကို ပင့်ဆောင်လာပြီးတဲ့နောက် ဗမာအုပ်စိုးသူတွေအပေါ် ရခိုင်လူမျိုးတွေရဲ့ မုန်းတီးမှုက ပိုလို့ကြီးထွားလာခဲ့တယ်။ အဲဒီနောက်တော့ ရခိုင်လူမျိုးခေါင်းဆောင် ချင်းပျံ ဦးစီးပြီး ဗမာဘုရင်ကို ပုန်ကန်ထကြွမှုအပေါ် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တွေက အားပေးအားမြှောက်ပြု ထောက်ပံ့ပေးခဲ့တယ်။ ဒီလိုနဲ့ မဏိပူရ၊ အာသံနယ်တွေပါမကျန် ပုန်ကန်မှုတွေနဲ့ မငြိမ်မသက် ဖြစ်လာပြန်တော့တယ်။

အပိုင်း (၄) ဆက်ရန် ......

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013