
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်တဲ့ သူ ၃ ဦးကို ရန်ကုန်တိုင်း မှုခင်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်အရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒီနေ့ မနက် ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁ ရက်မှစတင်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရန်ကုန်တိုင်းအတွင်း မှုခင်းဖြစ်ပွားမှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ စွန်ရဲစီမံချက်အဆင့် ၄ အဖြစ် တိုင်းဒေသကြီးအတွင်းရှိ နယ်မြေတွေအတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာပါ။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ၂၄ ရက်မနက်က ခါးပိုက်နှိုက်ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိရေး စုံစမ်းဆောင်ရွက်နေစဉ် YBS ယာဉ်လိုင်းအမှတ် ၄၂ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းပြီး မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ မီးပွိုင့်အနီးမှာ YBS ယာဉ်ပေါ်ပါ အသက် ၃၀ နှစ်လောက်ရှိ အမျိုးသားတဦးလွယ်ထားတဲ့ အိတ်အတွင်းက ပစ္စည်းတွေ နှိုက်ယူနေတဲ့ အမျိုးသား ၃ ဦးကို လက်ရဖမ်းမိခဲ့ပါတယ်။
ဖမ်းမိတဲ့ ရွှေပြည်သာမြို့နယ်နေ ပြည့်ဖြိုးအောင် (၂၃ နှစ်)၊ မြောက်ဥက္ကလာပမြို့နယ်နေသူတွေဖြစ်တဲ့ နိုင်လင်းဝေ (၂၂ နှစ်)နဲ့ ထွန်းထွန်း(ခ) ထွန်းထွန်းအောင် (၃၈ နှစ်) တို့သုံးဦးအား သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ့ လမ်းညွှန်ချက်နဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်ကာ စွန်ရဲစီမံချက်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။











