DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးသွားသူများအား စိစစ်ပြန်လက်ခံရန်ကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ညှိနှိုင်းမည်
DVB
·
September 28, 2017
ထွက်ပြေးသွားသူများအား စိစစ်ပြန်လက်ခံရန်ကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ညှိနှိုင်းမည်
Donate to DVB

 

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ဘင်္ဂါလီတွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ကိစ္စ ဆွေးနွေး ညှိနှိုင်းဖို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ဖို့ ရှိနေတယ်လို့  လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

ပြန်လည်လက်ခံရာမှာ ကုန်လမ်းက လာရောက်သူတွေကို တောင်ပြိုလက်ဝဲ၊  ရေလမ်းက လာသူတွေကို ငါးခူရမှာ စိစစ်လက်ခံသွားမယ်၊  ပြန်လည်စိစစ်လက်ခံရာမှာ ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်နှင့်အညီဆောင်ရွက်မယ်လို့လည်း သတင်းထောက် တွေကို ပြောသွားတယ်။

“တောင်ပြိုလက်ဝဲ ကနေ စပြီးလက်ခံမယ်။ ကုန်းလမ်းက လာတဲ့သူတွေပေါ့။ ရေလမ်းက လာတဲ့သူကို ငါးခူရကနေ လက်ခံမယ်။ အဲဒီကနေ စိစစ်မယ်။ စိစစ်ပြီးလို့ရှိရင် ပြန်လည်နေရာချထားရေးကတော့ ဒါးကြီးဇားကျေးရွာလို့ လတ်တလော လျာထားတယ်။”

ရခိုင်ဒေသအတွင်းမှာ အကြမ်းဖက်မှုတွေကြောင့် တဖက်နိုင်ငံရောက်ရှိနေတဲ့ ဒုက္ခသည် အရေအတွက်ကို အမျိုးမျိုးဖော်ပြနေပေမယ့် ၁၉၉၃ ခုနှစ် ဥပဒေနဲ့ပဲ ပြန်လည်လက်ခံမှာ ဖြစ်တဲ့အတွက် တိကျတဲ့အဖြေတခု သာရရှိမှာဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို နေပြည်တော် လူမှုဝန်ထမ်းကယ်ဆ ယ်ရေးနဲ့ ပြန်လည်နေရာချထားရေးရုံးမှာ စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးအပြီးမှာ လူကယ်ပြန်ဝန်ကြီးက တစ်ဖက်နိုင်ငံရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခဲ့တာပါ။

အဲဒီအစည်းအဝေးကို ကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးနဲ့ ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီး ဦးညီပုတို့ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာတွေရဲ့တင်ပြချက်တွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ အသစ်ပြန်လည်တည်ဆောက် လုပ်ကိုင်ဆောင်ရွက်မယ့် အခြေအနေအတွေကို သာသနာရေး၊ လ၀က၊ ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနအပါအ၀င် အခြားဝန်ကြီးဌာနတာဝန်ရှိသူတွေက ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ဒေသအတွင်းမှာ လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးအနေနဲ့ အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပြီး မီးရရှိရေးကို ဒုတိယဦးစားပေးအနေနဲ့ ဆောင်ရွက်ဖို့ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသတွေမှာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ အိမ်ထောင်စုပေါင်း ၂၇၀၄၇ အိမ် မီးရရှိရေးအတွက်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး ၃ နှစ်တွင်း ဒေသအတွင်းသွားလာရေး ပိုမိုလွယ်ကူသွားမယ်လို့ လည်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကြော့ပြန်ဖြစ်ပွားတဲ့ အစွန်းရောက် အကြမ်းဖက်တွေရဲ့တိုက်ခိုက်မှုအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေရပ်စွန့် ခွာလာသူပေါင်း ၄ သိန်းလောက်ရှိမယ်လို့ ကုလသမဂ္ဂအရာရှိတွေက ခန့်မှန်းပြော ဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013