ကျွန်းစုမြို့နယ်၊ မော်ခေါင်းတုံးကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၁ နာရီမှာ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ကံမော်ရဲစခန်းမှ တာဝန်ရှိသူဦးက ပြောပါတယ်။
ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု သဲချောင်းဥယျာဉ်ပိုင်းရပ်ရှိ မော်ခေါင်းတုံးကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေး ညအိပ်နေစဉ် နေအိမ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား နိုင်ဝင်း(ခ) ပုဂံငယ် (၄၃ နှစ်)က အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
ကံမော်ရဲစခန်းမှ ဒုရဲအုပ်ရဲမင်းထွန်းက “မိန်းကလေးကို ၂၇ ရက်နေ့၊ မနက် တနာရီလောက်မှာ နိုင်ဝင်း(ခ) ပုဂံငယ်က ပါးစပ်ကိုပိတ်ပြီး အတင်းသားမယားပြုကျင့်ခဲ့တယ်။ အော်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။ မိန်းကလေးက ကြောက်ပြီးမအော်ရဲခဲ့ဘူး။ နောက်မှ ပြစ်မှု ကျူးလွန်တဲ့ နိုင်ဝင်းရဲ့ဇနီးကို အကြောင်းစုံ သွားပြောပြခဲ့တဲ့အတွက် အဖြစ်မှန်ကို သိသွားခဲ့တာပါ”လို့ ပြောပါတယ်။
အဓမ္မပြုကျင့်တာနဲ့ ပတ်သက်ပြီး မိန်းကလေးရဲ့ မိခင်ဖြစ်သူ ဒေါ်ချိုမာ (၃၅ နှစ်)က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကံမော်ရဲစခန်းမှ (ပ) ၃၀ / ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)











