DVB Logo
Home
မြန်မာသတင်း
၁၅ နှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ကြံစည်သူများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်
DVB
·
September 27, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ရွှေပေါ်ကျွန်းရွာမှ စက်တင်ဘာလ ၂၆ ရက် ည ၇ နာရီမှာ အသက် ၁၅ နှစ်အရွယ် မိန်းခလေးတဦးကို တရုတ်အမျိုးသား ၁ ဦးနဲ့ ဟန်ဆောင် လက်ထပ်ပြီး တရုတ်နိုင်ငံဘက်သို့ ပို့ဆောင်ဖို့ကြံစည်သူ အမျိုးသမီး ၂ ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့  သိရပါတယ်။

ဖြစ်စဉ်မှာ ရွှေပေါ်ကျွန်းရွာနေ အသက် ၁၅ နှစ်ရှိ မအိသင်္ကြန်ရဲ့ဦးလေးဖြစ်သူ နွားထိုးကြီးမြို့နယ် ဇီးတောရွာနေ ဦးဝင်းမြင့် အလည်ရောက်နေစဉ် ရွှေပေါ်ကျွန်း သာသနာပြုစခန်း ချောင်းဦးဆောင်နေ ဒေါ်ဝိဇ္ဇေတီ(ခ)ဒေါ်မာမာအေးနဲ့ တရုတ်နိုင်ငံ စမ့်ဟိုင်မြို့နေ ဒေါ်မြင့်ခိုင်(ခ) ဒေါ်ခင်နီ တို့ ၂ ဦး ရောက်လာပြီး ရွှေပေါ်ကျွန်း ချောင်းဦးဆောင်တွင် တည်းခိုနေတဲ့ တရုတ် အမျိုးသားကို လက်ထပ်ပြီး တရုတ်နိုင်ငံသို့လိုက်ပါလျှင် ရွှေငွေ အပြည့်အစုံနဲ့နေရမယ်၊ မိသားစုဆီ တလ ၁၀ သိန်း လွှဲပေးမယ်၊ မအိသင်္ကြန်ကို ထည့်လိုက်လျှင် ကြယ်ခေါင်ရောက်လျှင် ငွေသိန်း ၃၀ လွှဲပေးမယ်၊ တိုက်အိမ်  ကားတို့နဲ့ နေရမယ်လို့ ပြောဆိုစည်းရုံးပါတယ်။ ဖတ်ဖူး ကြားဖူးနေတာတွေ ကြောင့် လူကုန်ကူးနေတယ်ဆိုတာ သိပြီး ဦးဝင်းမြင့်ကိုယ်တိုင် တရားလိုလုပ်အမှုဖွင့်တယ်။ နိုင်ငံကူးလက်မှတ် လက်ထပ်စာချုပ် မှတ်ပုံတင်တွေ အမြန်ရအောင် လုပ်နေတဲ့ ဒေါ်ဝိဇ္ဇေတီကို ဖမ်းဆီးထားပါတယ်လို့ နှောကန်ရွာရဲစခန်းက ပြောပါတယ်။

စခန်းမှူးရဲအုပ်အေးမင်းက "လူကုန်တားရဲတပ်ဖွဲ့က ဒုရဲမှူးဝင်းညွှန့်နဲ့ ပူးပေါင်းစစ်ဆေးက ဖမ်းဆီးတယ်။ အဲလူတွေက သူတို့ရမယ့် ငွေမရအောင်လုပ်တယ်လို့တောင် အထင်လွဲခံရတယ်ဗျ။ ဆရာလေးကိုတော့ လူဝတ်လဲပြီး ဖမ်းဆီးတယ်။ တရုတ်နိုင်ငံသားက ပြန်ပြေးသွားတယ်။ ကျန်ကွင်းဆက်တရားခံတွေ ဆက်စပ်သူတွေ စုံစမ်းစစ်ဆေးပြီး အမြန်ဆုံးဖမ်းဆီးမိဖို့ လုပ်နေပါတယ်"လို့ ပြောပါတယ်။

ရွှေပေါ်ကျွန်းဒေသခံတဦးက "ခေတ်သစ် ကျွန်ပြုနည်း လူကိုသားဖောက်စက်လို သဘောထားခြင်းတခုပါပဲ။ ဒီမှာလာတဲ့တရုတ်က လူငယ်လေး ဟိုရောက်တော့ အဖိုးကြီးနဲ့ ပေါင်းခိုင်းမှာ ဒီလာတဲ့လူကဟန်ပြ အဲဒါတွေ ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တယ်။ ဒါတွေကိုသိလို့ ဦးလေးလုပ်သူက အချိန်မီ ကယ်လိုက်နိုင်တာ"လို့ ပြောပါတယ်။

မလှိုင်မြို့နယ် နှောကန်ရွာရဲစခန်းမှာ ဒေါ်ဝိဇ္ဇေတီ၊ ဒေါ်မြင့်ခိုင်တို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပုဒ်မ၄၂/၃၂ နဲ့ အမှုအမှတ် (ပ)၁၈/၂၀၁၇ နဲ့ ဒေါ်ဝိဇ္ဇေတီကို ဖမ်းဆီးပြီး ဒေါ်မြင့်ခိုင်ကို စုံစမ်းရှာဖွေနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013