DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါး သယ်ဆောင်လာသူက ဓားဖြင့်ခုခံရာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
DVB
·
September 27, 2017
Donate to DVB

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာမှာ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူက ဓားနဲ့ ပြန်လည်ခုခံသောကြောင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတဲ့ အမှုတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့က တနင်္သာရီမြို့မရဲစခန်းကို စ.ရ.ဖ တပ်မှ ဗိုလ်ကြီးမင်းဆွေဦးနဲ့ တပ်ကြပ်ကြီး ကျော်စွာဝင်း ဆိုသူတို့က တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာမှာ နေထိုင်တဲ့ မောင်ဇော်(ခ)မတ်လာဂျက် (၃၀-နှစ်) ကို ISUZU အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစီး၊ တရုတ်နိုင်ငံလုပ် ပါရာပစ္စတိုရွှေအိုရောင် ၁ လက်၊ ၉ မမ ကျည် ၅ တောင့်၊ ကျည်အိမ် ၁ ခု၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁ ပြား၊ ခဲပြားစ တပြား၊ အရိုးအသွား ၂ ပေ ၅ လက်မရှိ ဓားတချောင်းနဲ့ လွယ်အိတ်တလုံးနဲ့အတူ လာရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်လွင်က “လက်ရှိ မြိတ်ဆေးရုံကြီးမှာ ကုသပေးထားပါတယ်။ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ဆောင်ရွက်ထားပြီး ခွဲစိတ်ကုသပေးဖို့ စီစဉ်နေပါတယ်။ စိုးရိမ်ရတဲ့ အနေထားမှာ မရှိပါဘူး”လို့  ပြောပါတယ်။

တနင်္သာရီရဲစခန်းကို လာရောက်အပ်နှံစဉ် ဒုရဲအုပ်စိုင်းညီညီဇော်က သက်သေအဖြစ် ချောင်းကြီးရပ်ကွက်နဲ့ ချောင်းငယ်ရပ်ကွက် ရာအိမ်မှူးတွေရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကို မေးမြန်းရာ စက်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဗိုလ်ကြီးမင်းဆွေဦးနဲ့ တပ်ကြပ်ကြီး ကျော်စွာဝင်းတို့ဟာ စက်တင်ဘာ ၂၇ ရက်နေ့က မူးယစ်ဆေးဝါးသတင်းအရ သိန်ခွန်းကျေးရွာမှာ စောင့်ဆိုင်းနေစဉ် တောတန်းတနေရာရှိ ကားတစီးပေါ်က လူတဦး ဆင်းလာကြောင်း ခဏအကြာ တောတန်းထဲက ပြန်ထွက်လာစဉ် အဆိုပါ လူတဦးကို ဝင်ရောက်ဖမ်းဆီးရာ ဓားနဲ့ ပြန်လည်ခုခံတာကြောင့် ဗိုလ်ကြီးမင်းဆွေဦးက ပစ္စတိုသေနတ်နဲ့ ၄ ချက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် မောင်ဇော်တွင် တင်ပါး၊ ဆီးခုံ၊ ယာဘက်လက်ကောက်ဝတ်၊ ဘယ်ဘက်လက်ကောက်ဝတ်တို့တွင် သေနတ်ဝင်ဒဏ်ရာတွေ ရရှိခဲ့ကာ ခြေဖမိုးပေါက်ပြဲ၊ ခြေဖဝါးပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့သူ မောင်ဇော်ကို ရဲတပ်ဖွဲ့ဝင်တွေက တနင်္သာရီမြို့နယ်၊ ပြည်သူဆေးရုံကြီးကို ဆေးစာနဲ့အတူ လွှဲပြောင်းကုသပေးခဲ့သော်လည်း စိုးရိမ်ရတဲ့ အနေထား ဖြစ်တာကြောင့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ကိုင်ဆောင်သူ မောင်ဇော်(ခ)မတ်လာဂျက်ကို တနင်္သာရီမြို့မရဲစခန်းမှ မယ(ပ)၁၃/ ၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉ (က )/၂၂ (ခ) နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013