DVB Logo
Home
မြန်မာသတင်း
ရေနစ်မြုပ်မှုခံစားခဲ့ရသည့်ကျေးရွာများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဖိုက်ဘာစက်လှေနှင့် သက်ကယ်အင်္ကျီများ လှူဒါန်း
DVB
·
September 27, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင်းက စစ်ကုန်းကျေးရွာအုပ်စု သဒ္ဓမကျွန်းကျေးရွာ ဟာ ဒီနှစ်မှာ ကမ်းပါးပြိုကျတာနဲ့ ရေကြီးနစ်မြုပ်မှုဒဏ်ကို အဆိုးဆုံး ခံစားခဲ့ကြရတာပါ။

အဲဒီလို ခံစားခဲ့ရတာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သူတို့တွေရဲ့ လိုအပ်ချက်တွေကို ပြီးခဲ့တဲ့ ရေစကြီးတဲ့ကာလ ကတည်းက ကူညီမှုတွေ ပေးနိုင်ဖို့ တင်ပြခဲ့တာပါ။

အဲဒီလို တင်ပြတာတွေကြောင့် ခုလ ၂၆ ရက်မှာတော့ အလျား ၃၆ ပေ အနံ ၆ ပေခွဲရှိ စက်တပ်အင်ဂျင်ပေပါ ဖိုက်ဘာစက်လှေတစီးနဲ့ အသက်ကယ်အင်္ကျီ ၁၀ စုံကို လာရောက်ပြီး ပေးအပ်လှူဒါန်းသွားတာပါ။

အဲဒီကျေးရွာအုပ်စုကတော့ ဖိုက်ပါစက်လှေ ထိန်းသိမ်းရေးနဲ့ ရေဘေးပြန်လည် တည်ထောင်ရေး ကော်မတီဖွဲ့ပြီး လက်ခံရတာပါ။

ကော်မတီရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ကိုတင်ဝင်းအောင်ကတော့ “ဟုတ်ပါတယ်။ မနေ့က လာပြီး ပေးအပ်ပါတယ်။ ကျနော်တို့က ဒီက ၅ ဦး ကော်မတီဖွဲ့ပြီး လက်ခံရပါတယ်။ အဲဒီအထဲမှာ ကျနော်က အဖွဲ့ခေါင်းဆောင်ပါ။ ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖနှစ်ဦး၊ ပရဟိတ လူငယ်အဖွဲ့ဝင် ၂ ဦးနဲ့  လက်ခံရတာပါ၊ အဓိကတော့ ကျန်းမာရေး ကယ်ဆယ်ရေးတွေအတွက် အသုံးပြုဖို့ပါ။ ကျနော်တို့ ကျေးရွာတွေက ဒီနှစ် အဆိုးဆုံး ခံစားခဲ့ရတာပါ။ ပါတီအနေနဲ့ မဆိုင်ပါဘူး ဖောင်ဒေးရှင်းက လှူတာပါ။ ကျနော်တို့ ဒီရွာမှာ ရေကြီးတာရယ် ကမ်းပါးပြိုတာတွေကြောင့် ဒီနှစ်ထဲမှာ အိမ် ၁၆၉ အိမ် ဘုန်းတော်ကြီးကျောင်းတခုနဲ့ စာသင်ကျောင်းတခု ရွှေ့ပြောင်းခဲ့ရတယ်လေ။ အဲတော့ဗျာ ကျနော်တို့ လယ်ယာသုံး နွားတွေကို ရောဂါဖြစ်မှာက တကြောင်း၊ သူတို့အတွက် နေရာမရှိတာက တကြောင်း အဲဒီတုန်းက ရောင်းချခဲ့ကြရတယ်လေ။ အခု ပြန်လည်ထူထောင်ရေးတွေအတွက် ထွန်ယက်စိုက်ပျိုးချိန်အမီ အဲဒီပြဿနာက စတက်နေတာပါ။ ဖောင်းဒေးရှင်းက လာတဲ့လူတွေနဲ့ အခြားအလှူရှင်တွေ ချိတ်ဆက်ပြီး ခုစိုက်ပျိုးချိန်အမီတော့ လက်တွန်းထွန်စက်အသေးတွေ ရရှိဖို့ တောင်သူ အစုအဖွဲ့ ဘယ်နှဦးကို စက်တခုနှုန်းလောက် စတဲ့ လိုအပ်ချက်တွေကိုတော့ တင်ပြတာတွေ၊ ချိတ်ဆက် အကူညီတောင်းတာတွေ ခု လုပ်ဆောင်နေကြပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ ရွှေသောင်း၊ နံကပ်ကြီး၊ ဂျို့ကုန်းဒေသတွေမှာလည်း ကမ်းပါးပြိုကျတဲ့ဒဏ် ဒီနှစ်အတွင်းမှာ အဆိုးရွားဆုံး ခံစားခဲ့ကြရပါတယ်။ အဲဒီအထဲမှာတော့ နံကပ်ကြီးကျေးရွာမှာ အခြား NGO တွေ အကူအညီနဲ့ ကျွဲ နွား သက်ကယ်ကုန်းမြင့် တည်ဆောက်နိုင်ခဲ့ပြီး  ဖြစ်ပါတယ်။ ရေကြီးနေတဲ့အချိန်တွေမှာ လူတွေထက် တိရစ္ဆာန်တွေ နေထိုင်ဖို့ ပိုခက်ခဲနေတာပါ။

သတင်း - သန်းထိုက်မြင့်၊ ဓာတ်ပုံ - ကိုတင်ဝင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013