DVB Logo
Home
မြန်မာသတင်း
သံ​​​လွင်မြစ်အတွင်း ​​​သဲကျောက်စုပ်​ယူ​နေမှုကို တားမြစ်​​ပေးရန် ​​ဒေသခံ​များ တောင်းဆို
DVB
·
September 27, 2017
Donate to DVB

ကရင်ပြည်နယ် သံလွင်မြစ်အတွင်းမှာ တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းအမည်နဲ့ သဲကျောက် စုပ်ယူနေမှုကို ကိုင်းစိုက်တောင်သူတွေက တားမြစ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ဆီ စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီလောက်က သွားရောက်တောင်းဆိုခဲ့ပါတယ်။

နှစ်ခြားကျေးရွာ ကိုင်းစိုက်တောင်သူ ဒေါ်ချာမှိုင်းက “ကောလှိုက်မှာ တူးရင်လည်း နှစ်ခြားမှာ ပြိုမှာပဲ တရုတ်လှကျွန်းလည်း ပြိုမှာပဲ။ အခု ပြောင်းတွေ အဖူးကပ်နေပြီ။ အမိုးတို့ မနေ့က ကိုင်းထဲသွားတယ်။ ပြိုတယ်။ အမိုးတို့ တောင်သူလယ်သမားတွေက ဘယ်လို လုပ်စားတော့မလဲ။ ရွာပြိုရင် အိမ်တွေ ဘယ်မှာ ရွှေ့ပြောင်းရမလဲ။ သူတို့ နေရာချပေးမလား။ ဝန်ကြီးချုပ်ကို တိုင်တာ ၃ ခါရှိနေပြီ”လို့ ပြောပါတယ်။

တရုတ်လှကျေးရွာ၊ ကောလှိုက်ကျေးရွာ၊ နှစ်ခြားကျေးရွာက ကိုင်းစိုက်တောင်သူတွေ အဓိက စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနုကျွန်းနဲ့ ကျေးရွာကမ်းနားတလျှောက် မြေပြိုမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်မှ တားမြစ်ပေးဖို့ ပြည်နယ်အစိုးရရုံးကို ကိုင်းစိုက်တောင်သူ ၄ဝ ဦးခန့်က လာရောက် တွေ့ဆုံတောင်းဆိုရာမှာ ပြည်နယ်ဝန်ကြီးချုပ် နယ်မြေကွင်းဆင်းနေတဲ့အတွက် တွေ့ဆုံခွင့်မရခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။

အဆိုပါ မြေနုကျွန်းပေါ်တွင် စိုက်ပျိုးမြေ ဧက ၃၀၀ ခန့်ရှိပြီး ကောလှိုက်ကျေးရွာ၊ နှစ်ခြား ကျေးရွာနဲ့ တရုတ်လှကျေးရွာမှ ဒေသခံတောင်သူ ၂၀၀ ဦးခန့်က ဘိုးဘွားလက်ထက်ကတည်းက မြေခွန်ပေးဆောင်ပြီး စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြတဲ့ တောင်သူတွေပါ။

အဆိုပါ တရားမဝင် သဲကျောက် စုပ်ယူနေမှုကို လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေတဲ့အတွက် သွားရောက်တားမြစ်ဖို့ အခက်အခဲရှိသလို့ မိမိတို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်ကို အားကိုးပြီး လာရောက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၈ ရက်က စက်လှေ ၁၈ စီးနဲ့ စက်လှေမောင်းသူ အပါအဝင် အလုပ်သမား ၃၆ ဦးကို ဖမ်းဆီးပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၃ နဲ့ အရေးယူ ဆောင်ရွက်ခဲ့ပေမယ့် လက်နက်ကိုင် အဖွဲ့အစည်းတချို့က ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သံလွင်မြစ်အတွင်း သဲကျောက် စုပ်ယူလုပ်ကိုင်ခွင့်ကို မိဇံကျေးရွာ၊ မုက္ကဒိကျေးရွာ၊ ဝဲကြီးကျေးရွာ မြစ်ကြောင်းအနီးတဝိုက် လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြုပေးထားပြီး လက်ရှိ လုပ်ကိုင်နေတဲ့ နေရာကို လုပ်ကိုင်ခွင့်မှတ်ချက် တစုံတရာ ပေးထားတာ မရှိဘူးလို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးစောထွန်းရှိန်က ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013