DVB Logo
Home
Lead Story
မြန်မာပြည် အမျိုးသားရင်ကြားစေ့ရေး ဘယ်အခြေအနေရောက်နေပြီလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
September 27, 2017
မြန်မာပြည် အမျိုးသားရင်ကြားစေ့ရေး ဘယ်အခြေအနေရောက်နေပြီလဲ - အယ်ဒီတာစကားဝိုင်း
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ စက်တင်ဘာလ ၂၀၁၇ ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဆာဖရွန် တော်လှန်ရေးတရပ်ကို ဆင်နွှဲခဲ့တဲ့ ဆယ်နှစ်တာ နှစ်ပတ်လည်အခမ်းအနား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က အဓိက တောင်းဆိုခဲ့တာကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေး၊ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ဖြစ်ပါတယ်။ အခု ဆယ်နှစ်ကြာပြီးတဲ့နောက် အဓိက တောင်းဆိုခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေး ဘယ်အခြေအနေ ရောက်နေပြီလဲ၊ အထူးသဖြင့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရလည်း ရင်ကြားစေ့ရေး အစိုးရလို့ ပြောထားပါတယ်။ ဒီတပတ်ဆွေးနွေးမယ်သူတွေကတော့ ရွှေဝါရောင် သံဃာတပါး ဖြစ်ခဲ့တဲ့ ဦးဇင်း ဦးစန္ဒာသီရိနဲ့ ဗကသ ကျောင်းသားတယောက် ဖြစ်ခဲ့တဲ့ ကိုဂျိမ်းစ် ခေါ် ကိုလင်းထက်နိုင်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဘုန်းဘုန်းကိုပဲ အရင်မေးပါရစေ၊ ဆယ်နှစ်လည်း ရှိလာပြီ။ အမျိုးသားရင်ကြားစေ့ရေးလည်း တောင်းခဲ့တယ်။ အခု မြန်မာပြည်ရဲ့ အမျိုးသားရင်ကြားစေ့ရေး အခြေအနေ ဘယ်အခြေအနေ ရောက်နေပြီလဲ။ တကယ်ရော ရင်ကြားစေ့နိုင်ခြေတွေ ရှိရဲ့လား။ အဲဒါကို စပြီး ဆွေးနွေးပေးပါဘုရား။”

ဦးစန္ဒာသီရိ (ဦးပဉ္ဇင်းပုရစ် - ရွှေဝါရောင်ဦးဆောင်သံဃာတော်)

“ဦးဇင်းတို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားခဲ့တယ်။ အခု ၂၀၁၇ ဆယ်နှစ်ပြည့်တဲ့အခါမှာ ဦးဇင်းတို့ ပြန်ကြည်တော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးက အခုအချိန်အထိ လိပ်ခဲတည်းလည်း အခြေအနေမှာပဲ ရှိတယ်။ ဒီ့ထက် ဘာမှ ကျော်လွန်သွားတာ၊ ပိုသွားတာ မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် အန်အယ်လ်ဒီအဖွဲ့ကိုယ်တိုင်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ တစုံတရာ ဦးဇင်းတို့ကတောင်မှ နောက်ကောက်ကျသွားတဲ့ အနေအထားတွေ ရှိတယ်။ ဘာလဲဆိုတော့ ဦးဇင်းတို့က အပေးအယူလုပ်တဲ့အခါမှာ မြင်တဲ့ အမြင်သာဆုံး အလွယ်ကူဆုံး ပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အန်အယ်လ်ဒီက လက်ခံပြီးတော့ ရွေးကောက်ပွဲဝင်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အင်မတန်လိုလားတယ်ဆိုတာ ပေါ်လွင်ခဲ့တယ်။ သို့သော်လည်းပဲ ဒီနေ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်လာခဲ့သော်လည်း၊ အနိုင်ရလာသော်လည်း ဒီနေ့အချိန်အထိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ ဦးမော့လာတဲ့အခြေအနေ မရှိဘူး။ ဒီအတိုင်း ပေါ်လစီ အခြေအနေမှာပဲ၊ စကားလုံးအနေအထားပဲ ရှိတယ်။ အဲဒီတော့ ဦးဇင်း ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်အစိုးရအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဒီထက် ခိုင်မာပြတ်သားတဲ့၊ တိကျတဲ့ လုပ်ငန်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ဖို့ လိုသလို တပ်မတော်အနေနဲ့ကလည်း ဒီကနေ့ ပြည်သူ့အစိုးရကနေ ပေါ်လစီတရပ် ချမှတ်ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုင်းကို လက်ခံဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ အဓိက လက်ခံဆောင်ရွက်ဖို့က အန်အယ်လ်ဒီအစိုးရနဲ့ တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးနည်းအရ တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်တယ်။ အဲဒါ ဘာလဲဆိုတော့ ဦးဇင်းတို့ တိုင်းပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလို့ ပြောနေတဲ့အခါမှာ အဓိက အမျိုးသားရင်ကြားစေ့ရေး ကွာဟနေတဲ့ပြဿနာက ပြည်သူလူထုတရပ်လုံးနဲ့ တပ်မတော်နဲ့ကြားမှာ ကွာဟနေတဲ့ ပြဿနာ။ အဲဒါက ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ကွာဟနေရတာ။ အဲဒီတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ချင်တယ် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ပစ်ရမယ်၊ ဖျက်သိမ်းပစ်ရမယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ လက်ခံနိုင်ခြေရှိတဲ့ အခြေခံဥပဒေသစ်ကို ပြန်လည်ရေးဆွဲနိုင်ရမယ်။ အဲဒါဆိုရင် ဦးဇင်းတို့ ပြည်သူလူထုကြားနဲ့ တပ်မတော်ကြားမှာ ကွာဟနေတဲ့ ပြဿနာတွေက ပြေလျော့သွားမယ်လို့ ဦးဇင်းက ထင်တယ်။ အဲဒီတော့ ဦးဇင်း ပြောချင်တာ တပ်မတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကနေ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ကမ်းလှမ်းထားတဲ့အပေါ်မှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့မှ နိုင်ငံရေးနည်းအရ တွေ့ဆုံညှိနှိုင်းပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေကနေ လက်ခံဆောင်ရွက်စေချင်တယ်။ အဲဒီတော့ ဦးဇင်းအနေနဲ့ တပ်မတော်က အဲဒါကို ဆောင်ရွက်ပါလို့ တိုက်တွန်းချင်ပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဦးဇင်းပြောတာက ဘာမှ သိပ် မြင်သာထင်သာ ဘာမှ တိတိကျကျ သိပ်မဖြစ်လာသေးဘူးပေါ့နော်။ နောက်တခုကလည်း ပြည်သူနဲ့ တပ်မတော်ကြားမှာ ၂၀၀၈ ဖွဲ့စည်းပုံက အတားအဆီး ဖြစ်နေသေးတယ်။ အဲဒါကို ကျော်လွှားပြီးတော့ တကယ့် ရင်ကြားစေ့ရေးကို ဦးတည်နိုင်တဲ့ တိကျတာတွေကို လုပ်ပါလို့ မိန့်ကြားသွားပါတယ်။ ကျနော် ကိုဂျိမ်းစ်ကို မေးပါရစေ။ ၂၀၀၇ တုန်းက ဗကသ ကျောင်းသားတယောက်အနေနဲ့ လူငယ်တွေ ရင်ကြားစေ့ရေးလုပ်ငန်းထဲ ပါခဲ့တယ်ပေါ့လေ။ အခု ဆယ်နှစ်ဖြစ်လာပြီ။ တကယ့်ရင်ကြားစေ့ရေးအခြေအနေ လူငယ်တွေအနေနဲ့ ဘယ်နေရာရောက်နေလဲ၊ ဘာတွေ ထပ်လုပ်ဖို့လိုသေးလဲ။ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ကိုလင်းထက်နိုင် (၂၀၀၇၊ ဗကသ ကျောင်းသားဟောင်း)

“အဓိက ဦးဇင်း ပြောသလိုပါပဲ။ ကျနော်တို့အမြင်မှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်က ထင်သာမြင်သာတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် တွေ့ရတာ မရှိပါဘူး။ ဒီနေ့ဒီအချိန်ထိလည်း အဓိကပြဿနာရဲ့ အဓိကနေရာမှာ ရှိနေတဲ့ တပ်မတော်ပေါ့။ သူက တချိန်လုံး ဒီအတိုင်းပဲ နေနေတာ။ အရင်လိုပဲ သူ့ရဲ့အင်အားကလည်း ရှိနေဆဲဖြစ်တယ်။ သူကိုယ်တိုင်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လိုလားတဲ့ အရိပ်အယောင်တွေ မတွေ့ရဘူး။ ရွေးကောက်ပွဲလုပ်တယ်။ ရွေးကောက်ပွဲကနေပြီး အစိုးရတဖွဲ့ ပြောင်းလာတာပဲ ရှိတယ်။ ဒါပေမယ့် နိုင်ငံရေးပြဿနာတွေက မပြေလည်သွားသေးဘူး။ အခုအချိန်အထိပေါ့နော်။ ဒီတော့ ကျနော်တို့အနေနဲ့ ၂၀၀၇ တုန်းက တောင်းဆိုခဲ့သလို ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုချင်တယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံဆွေးနွေး ဆိုတာမျိုးပေါ့နော်။ အဲဒီတော့ များများတွေ့ပြီးတော့ တပ်မတော်ဘက်က ခေါင်းဆောင်၊ အစိုးရဘက်က ခေါင်းဆောင်တွေ။ ဒါ့အပြင် ဘယ်တော့မှ မမေ့ထားသင့်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေပေါ့။ တိုင်းရင်းသား ခေါင်းဆောင်တွေပါ ပါတဲ့၊ လက်ခံနိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို သေချာထပ်လုပ်ဖို့ လိုပါတယ်။ ကျနော့်အမြင်မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး လုပ်နေတဲ့ ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံဆိုတာက ကျနော်တို့အမြင်မှာတော့ လုံလောက်မှု မရှိဘူးပေါ့နော်။ တိကျတဲ့အဖြေလည်း အခုထိ ထွက်လာတာ မရှိဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး ထပ်လုပ်ပါ။ တပ်မတော်အနေနဲ့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားကြောင်း ပြည်သူတွေ လက်ခံလာအောင် ပြဖို့လိုပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013