DVB Logo
Home
Lead Story
သူရဲကောင်းများ ပေါများလာသောအခါ
DVB
·
September 27, 2017
သူရဲကောင်းများ ပေါများလာသောအခါ
Donate to DVB

သီအိုဒိုရုစဗဲ့က ပြောခဲ့တဲ့ စကားတခွန်း ရှိပါတယ်။ တချို့လူတွေဟာ မွေးကတည်းက ကြီးမြတ်လာတယ်။ တချို့လူတွေဟာ အခင်းအကျင်းတခုကြောင့် ကြီးမြတ်လာတယ်လို့ ဆိုပါတယ်။ အခင်းအကျင်းတခု ဖြစ်လာရင် ဦးဆောင်ဦးရွက်ပြုသူတွေ၊ နောက်ကလိုက်ပြီး လုပ်ဆောင်သူတွေ ရှိလာစမြဲမို့ ခေါင်းဆောင် ဆိုတာတို့၊ နောက်လိုက် ဆိုတာတို့ ဖြစ်လာကြတာ လူ့အဖွဲ့အစည်းအတွက် ဖြစ်ရိုးဖြစ်စဉ်တခုပါ။ ဒီခေါင်းဆောင်တွေရဲ့ ဦးဆောင်ဦးရွက် အနေအထား၊ စွမ်းဆောင်ချက်၊ အနစ်နာခံမှုတို့ကို အကဲဖြတ်ပြီး ခေါင်းဆောင်ကောင်း ခေါင်းဆောင်ဆိုး ဆိုပြီး သတ်မှတ်လာရသလို နောက်ကလိုက်ကာ ဆောင်ရွက်ပေးတဲ့သူတွေရဲ့ အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှု၊ ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းကြောင့် နောက်လိုက်ကောင်း ဆိုတာကို သတ်မှတ်ကြတာပါ။ ခေါင်းဆောင်လုပ်သူကလည်း အနစ်နာခံမှုမရှိ၊ တကိုယ်ကောင်းဆန်မှုကိုသာ ဦးတည်မယ်၊ နောက်လိုက်လုပ်တဲ့သူတွေကလည်း မိမိတို့ လုပ်ချင်တာကိုသာ လျှောက်လုပ်နေမယ်ဆိုရင် ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်းလို့ မသတ်မှတ်နိုင်တော့ပါဘူး။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတို့များမှသာ သူရဲကောင်းဆိုတာ ဖြစ်လာတာမျိုးပါ။ သူရဲကောင်းဆိုတာ ယေဘုယျကြည့်လိုက်ရင် သူသူငါငါလိုပါပဲ။ သို့သော်လည်း တိုင်းပြည်အရေး၊ လူမှုအရေး စတဲ့ကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်လာရင်၊ ကိုယ်ကျိုးစွန့်လာရင်၊ သူလုပ်သမျှကိုလည်း တခြား နောက်လိုက်တွေက ကောင်းမွန်စွာ ထောက်ခံလာကြရင် သူရဲကောင်းဘဝကို ရောက်ကြရပါတယ်။ တကယ်တော့ သူရဲကောင်းဆိုတာ လုပ်ငန်းခွင်ထဲက ရွေးချယ်ရတဲ့ သဘောပါ။ ပြိုင်ပွဲဝင်ကြတာမျိုး မဟုတ်ရင်လည်း ပတ်ဝန်းကျင်က အလိုအလျောက် သတ်မှတ်ပေးတဲ့ စံနှုန်း၊ သမိုင်းဖြတ်သန်းမှုက မမေ့မလျော့တဲ့ စံနှုန်းတွေ ရှိပါတယ်။

သူရဲကောင်းဆိုတာ သမိုင်းအဖြစ်အပျက်တွေနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုထဲက လိုအပ်ချက်လို့ ကျနော် မြင်ပါတယ်။ မြန်မာနိုင်ငံ သူ့ကျွန်ဘဝကို ရောက်ခဲ့တဲ့အတွက် ဆရာစံ ပေါ်လာခဲ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပေါ်လာခဲ့ရတယ်။ ဆရာတော်သျှင်ဥတ္တမတို့ ပေါ်လာခဲ့ရတယ်။ ကျွန်စနစ်ရှိနေလို့ သမ္မတလင်ကွန်းဟာ အမေရိကန်သမ္မတတွေထဲမှာ ထူးထူးခြားခြား သူရဲကောင်းဖြစ်ခဲ့တယ်။ အမေရိကန် လွှမ်းမိုးထားတဲ့အတွက် ကျူးဘားမှာ ကက်စထရိုဟာ သူရဲကောင်း ဖြစ်လာခဲ့ရတယ်။ ပြင်သစ်က ကျွန်ပြုထားတော့ ဗီယက်နမ်မှာ ဟိုချီမင်း ပေါ်လာခဲ့ရတယ်။ လူကောင်းလူမွန်တွေ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်မယ့်သူတွေဟာ သမိုင်းရဲ့ တောင်းဆိုချက်အရ ပေါ်ပေါ်လာကြရပါတယ်။ အသင်းအဖွဲ့ရဲ့ သဘာဝ၊ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုအရ ပိုပြီး ကိုယ်ကျိုးစွန့်နိုင်တဲ့သူ၊ ပိုပြီး ဆောင်ရွက်နိုင်စွမ်း ရှိတဲ့သူတွေက ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေ ဖြစ်လာကြပါတယ်။ ဒါတွေကို ကြည့်လိုက်ရင် သူရဲကောင်းဆိုတာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်အတွက်၊ သမိုင်းက တောင်းဆိုတဲ့အတွက် ဖြစ်လာကြရတယ် ဆိုတာကို တွေ့နိုင်ပါတယ်။ သစ်တပင်ကောင်းရင် ငှက်တသောင်း နားနိုင်တယ်ဆိုတဲ့ စကားက စွမ်းဆောင်နိုင်သူ သူရဲကောင်းတယောက်ကြောင့် လူအများ ကောင်းကျိုးရနိုင်တယ် ဆိုတာကိုလည်း သဘောပိုက်မိပါတယ်။ ဒါဟာ သူရဲကောင်းတွေရဲ့ လက္ခဏာတွေပါ။

ဒါပေမယ့် ခေတ်စနစ်တွေ ရွေ့လျားလာတဲ့အခါ သူရဲကောင်း ဖြစ်မြောက်မှုတွေကလည်း တမူထူးခြားလာပါတယ်။ ၂၁ ရာစုမှာ လူတိုင်းလိုလို ပွင့်လင်းမြင်သာစွာ သိလာတဲ့ခေတ်ရဲ့ မြန်နှုန်းတွေကြောင့် မိမိကိုယ်ကို တည်ဆောက်နိုင်သူတွေ ပိုများလာပါတယ်။ အထူးသဖြင့် ဒုက္ခများမြောင်လှတဲ့ တိုင်းပြည်ရဲ့ ဟာကွက်တွေ၊ လိုအပ်ချက်တွေကို ဆန္ဒဖော်ထုတ်ရင်း ဆန္ဒပြ ဦးဆောင်တဲ့ သူရဲကောင်းတွေ၊ တက်ကြွလှုပ်ရှားသူများကလည်း မိမိတို့ လုပ်ဆောင်နိုင်စွမ်းနှင့်အတူ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သူရဲကောင်းတွေ၊ ကယ်ဆယ်ရေးပေးရင်း ကယ်ဆယ်ရေး သူရဲကောင်းတွေ၊ ဟောပြောပွဲတွေလုပ်ရင်း ဟောပြောပွဲသူရဲကောင်းတွေ စတဲ့ သူရဲကောင်းတွေ များလာပါတော့တယ်။

သူရဲကောင်းတွေ များလာတာကြောင့် ပြည်သူတွေရဲ့ ဘဝတွေ ပိုပြီး တောက်ပြောင်လာကြသလား ဆိုရင် တကယ်အရွေ့ကို ရောက်ဖို့ကတော့ စေတနာမှန်တဲ့ သူရဲကောင်းတွေ လိုပါတယ်။ ပြည်သူရဲ့ဒုက္ခကို လက်ညှိုးထိုးပြရင်း ကိုယ်က ဘယ်လိုအမြတ်ယူနိုင်မလဲလို့ တွေးနေတဲ့ သူရဲကောင်းတွေ များလာရင်တော့ တိုင်းပြည်အတွက် စစ်မှန်တဲ့အရွေ့ကို မရောက်နိုင်ပါဘူး။ ပြည်သူကို ကယ်ဆယ်ရင်း မိမိကိုယ်ကို ကယ်ဆယ်နေတဲ့ သူရဲကောင်းတွေ များလာရင်လည်း တိုင်းပြည်အတွက် အကျိုးမရှိနိုင်ပါဘူး။ စင်ပေါ်က အစိုးရမကောင်းကြောင်းကို ပြောရင်း မိမိရဲ့ရပိုင်ခွင့်ကို မိုးကောင်းတုန်း ရေခံနေတဲ့ သူရဲကောင်းတွေ များလာရင်လည်း တိုင်းပြည်အတွက် အရွေ့တခုကို မရောက်နိုင်ပါဘူး။ ဒါကြောင့် တိုင်းပြည်ရဲ့ဒုက္ခကို ခွင်ကြီးတခုလို မြင်နေတဲ့ သူရဲကောင်းတွေ များလာရင်တော့ တိုင်းပြည်နစ်နာမှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးကို ကြည့်လိုက်ရင် ဦးနေဝင်းဟာလည်း သူရဲကောင်းပါပဲ။ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်တို့ဟာလည်း သူရဲကောင်းတွေပါပဲ။ ဒီသူရဲကောင်းတွေ ပြုလုပ်ခဲ့တဲ့ တိုင်းပြည်ဟာ လာဘ်စားမှုအများဆုံး တိုင်းပြည်၊ ဆင်းရဲမွဲတေမှု အများဆုံးတိုင်းပြည်ထဲက တခုသာ ဖြစ်သွားတာပါ။ ခု ဒီမိုကရေစီရေး၊ တန်းတူရေး ကြွေးကြော်နေတဲ့ လက်ရှိအစိုးရ လက်ထက်မှာလည်း ပါတီတွင်း သူရဲကောင်းတွေ များနေပြီလား၊ လွှတ်တော်ထဲ သူရဲကောင်းတွေ များနေပြီလား ဆိုတာကို လေ့လာဆန်းစစ်သင့်နေပါပြီ။

ပြည်နယ်နှင့်တိုင်းအလိုက် ခန့်အပ်ထားတဲ့ ဝန်ကြီးတွေကိုလည်း ပြည်ထောင်စုအစိုးရကနေ လေ့လာတဲ့အခါ တာဝန်ယူထားတဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ ကန်ထရိုက်လုပ်ပေးနိုင်သူတွေနဲ့ ပနံသင့်နေတဲ့ သူရဲကောင်းတွေ ဖြစ်နေပြီလား၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနှင့်ကော သက်ဆိုင်ရာ မိသားစုအသိုင်းအဝိုင်းတွေထဲက ကန်ထရိုက်တွေနဲ့ မလွတ်ကင်းတဲ့ သူရဲကောင်း ဖြစ်နေပြီလား ဆိုတာကို လေ့လာဆန်းစစ်ကြည့်ရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျတော့ မလုပ်ဘူး။ ပို့ဆွမ်းအနေနှင့် နီးစပ်တဲ့သူတွေက လုပ်ပေးတာကို လက်ခံတာမျိုးကလည်း ခေတ်သစ်သူရဲကောင်းတွေရဲ့ လုပ်ကွက်တွေလို ဖြစ်နေပါတယ်။ ဒါတွေဟာလည်း တိုင်းပြည်ရဲ့အရွေ့ကို ရွေ့တဲ့အခါမှာ နှောင့်နှေးစေတဲ့အရာများ ဖြစ်ပါတယ်။ လုပ်ငန်းခွင်တခုနှင့် ပတ်သက်မှုဟာ ရာထူး၊ လုပ်ပိုင်ခွင့်ရှိမှ ဆက်နွယ်လာကြတယ်ဆိုရင်  နဂိုလုပ်ငန်း မဟုတ်တဲ့အတွက် အဂတိ အနည်းအများတော့ ပါကြမှာပါပဲ။ ဒီလိုမျိုးတွေ လုပ်ခွင့်ရနေတဲ့ သူတွေကတော့ မိမိတို့အကျိုးကို ဆောင်ပေးတဲ့ တာဝန်ရှိသူတွေကို သူရဲကောင်းလို့ ထင်ကြမှာပါပဲ။ လူတစုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနေတဲ့ တာဝန်ရှိသူတွေ ရှိနေသရွေ့ တိုင်းပြည်အရွေ့ နှောင့်နှေးနေမှာပါပဲ။ လူတစုရဲ့ လိုအပ်ချက်ကို အထူးဦးစားပေး လုပ်ဆောင်ပေးနေတဲ့ သူရဲကောင်းတွေ များလာလေ တိုင်းပြည်အတွက် နစ်နာလေပါပဲ။ ဒီမိုကရေစီအစိုးရသက်တမ်း တနှစ်ကျော် ကြာလာတဲ့အထိ အနိမ့်ဆုံးလုပ်ခ တနေ့ ၃၆၀၀ အတွက် ဆန္ဒပြနေရသေးတယ်ဆိုတာ သူရဲကောင်းတွေ ပေါများခြင်းရဲ့ အကျိုးဆက်တခုလို့တောင် ဆိုနိုင်ပါတယ်။ မျှော်လင့်ချက်များစွာ၊ ကြွေးကြော်သံများစွာနှင့် တောင့်တခဲ့ရတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာလည်း ပိုနေမြဲ ကျားနေမြဲသာ ဖြစ်နေပါတော့တယ်။

ဆန္ဒပြပွဲတွေနဲ့ ဒီမိုကရေစီ ခရီးလမ်းဟာ ခေါင်းနှင့်ပန်းလို ဖြစ်ပေမယ့် တချို့သော ဆန္ဒပြခေါင်းဆောင်လုပ်သူတွေဟာလည်း လိုအပ်ချက် အစစ်အမှန်ကို ချီတက်တာထက် လမ်းခုလတ်မှာပဲ မိမိတို့ကိုယ်ကို သူရဲကောင်းအသွင်ပြောင်းကာ ကယ်တင်ရှင် လုပ်ကြပါတော့တယ်။ ရည်မှန်းထားတဲ့ ပန်းတိုင်ထက် မိမိတို့ အထမြောက်ရေးကိုသာ အာရုံပြုကြတဲ့အခါ တောင်းဆိုချက်တွေက မဖြစ်မြောက်နိုင်တာကိုလည်း တွေ့လာရပါတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်ကို မီးမောင်းထိုးပြတဲ့ ဆန္ဒဖော်ထုတ်သူတွေကလည်း သူရဲကောင်းအသွင်ပြောင်းကာ မိမိတို့ကိုယ်ကိုသာ မီးမောင်းထိုးပြသွားရင် စစ်မှန်တဲ့ လိုအပ်ချက်ကို ရရှိဖို့ ခက်ခဲသွားတတ်ပါတယ်။

ပြည်သူရဲ့လိုအပ်ချက်ကို အစိုးရက ပြည့်ဝစွာ မဖြည့်ဆည်းတာ၊ ဘေးဒုက္ခတွေ ကျရောက်မှု များပြားတာကလည်း ကယ်ဆယ်ရေးအဖွဲ့တွေ နဂိုရှိတဲ့အဖွဲ့တွေထက် ပိုများလာကြရပါတယ်။ ဒီလို ထွက်ပေါ်လာတဲ့အခါမှာလည်း တချို့က ပြည်သူကို ကယ်ဆယ်ရေးလုပ်ပေးရင်း မိမိကိုယ်ကို ပြန်ပြီး ကယ်ဆယ်သွားတာတွေ ရှိလာပါတယ်။ စေတနာသဒ္ဓါတရားနှင့် တခြားကထည့်ဝင်လာတဲ့ အလှူတွေကို အဝင်စာရင်းလောက်သာ လူမှုကွန်ရက်ပေါ် တင်တာတို့ရှိပြီး အထွက်စာရင်းကို ပြတဲ့ စာရင်းထုတ်ပြန်မှုက နည်းကြပါတယ်။ စေတနာရှင်တွေ အနေနဲ့လည်း ပို့လိုက်ရင် ပြီးပြီဆိုတဲ့ စိတ်နှင့် နေ၊ ကယ်ဆယ်ရေးခေါင်းဆောင် ဆိုသူတွေကလည်း ဒီလိုကိစ္စမျိုးတွေကို အလေးအနက်မထားတဲ့အခါ မိမိကိုယ်ကို ကယ်တင်မယ့် လုပ်ကွက်တွေ ရသွားပါတော့တယ်။ သူတို့ဟာလည်း ကယ်ဆယ်ရေး သူရဲကောင်းတွေပါပဲ။ ဒီလို သူရဲကောင်းတွေ များလာရင်လည်း တိုင်းပြည်ရဲ့အရွေ့အတွက် နစ်နာပါတယ်။ အမှန်တကယ် စေတနာအရင်းခံနှင့် လုပ်ပေးတဲ့သူတွေထက် ခုနောက်ပိုင်းမှာ မိမိကိုယ်ကို ကယ်ဆယ်တဲ့ ကယ်ဆယ်ရေး သူရဲကောင်းတွေ ပိုများလာတာကို တွေ့လာရပါတယ်။

နိုင်ဂျီးရီးယားသမ္မတဟောင်း ဂျိုဇေးမူဂျီကာလို လစာရဲ့ ၃ ပုံ ၂ ပုံကို နိုင်ငံတော်အတွက် မပေးဆပ်နိုင်ရင် နေပါ။ ရတဲ့လစာထက် အလွန်တရာမှ ထပ်လိုနေသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ များလာရင် တိုင်းပြည်ရဲ့အရွေ့ကို ရောက်နိုင်ဖို့ ခက်မှာပါ။ ဘီလ်ဂိတ်တို့လို ချမ်းသာသမျှကို ဂိတ်ဖောင်ဒေးရှင်း မလုပ်ရင်တောင်မှ ချမ်းသာမှုကိုတည်ပြီး ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို အာဏာပိုင်တွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေနှင့်ပေါင်းကာ တဖက်လှည့်နဲ့ မယူတတ်တဲ့ စေတနာမှန်တဲ့ လူချမ်းသာတွေ များလာမှသာ တိုင်းပြည်ရဲ့အရွေ့ကို ရောက်မှာပါ။ တချို့တွေ ရှိပါတယ်။ လမ်းတခု၊ အဆောက်အအုံတခုကို စံမီအောင်မလုပ်ဘဲ ယူထားလိုက်တာက သိန်း ၁ ထောင်၊ အဲဒီဒေသမှာ လှူပေးလိုက်တာက သိန်း ၂၀၀ ဖိုး၊ တကယ်တမ်း စံမီအောင် လုပ်ပေးရင် အဲဒီအနီးအနားက ဒေသအတွက် လှူပြစရာ မလိုပါဘူး။ ဒါပေမယ့် ဒီလိုလှူတာကိုသာ လူပိုသိတော့ စေတနာရှင် သူရဲကောင်းတောင် ဖြစ်လိုက်ပါသေးတယ်။ ဒီလို မစစ်မှန်တဲ့ အလှူတွေရဲ့ အကျိုးဆက်ကတော့ စံမမီတဲ့ ကျောင်း၊ စံမမီတဲ့ လမ်း၊ စံမမီတဲ့ အဆောက်အုံတွေ ဖြစ်ကုန်တာပါပဲ။

ခုတလောဖြစ်နေတဲ့ ဆောက်လုပ်ရေးမူဝါဒတွေနှင့် ပတ်သက်လို့ ဝေဖန်နေတဲ့ ကိစ္စတွေဟာလည်း လုပ်ငန်းရှင်နှင့် အာဏာပိုင်တွေ အချင်းချင်း လက်ဝါးရိုက်ခဲ့တာက စတယ်လို့ ဆိုနိုင်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်း စတင်ခဲ့တဲ့ ၂၀၁၄ ကာလတုန်းက ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ကုမ္ပဏီတခုတည်းကိုသာ ဦးစားပေးခြင်း၊ ငွေကြေးခဝါချမှု ရှိနိုင်တယ် ဆိုတာတွေကြောင့် စီမံကိန်း ပထမအပိုင်းမှာ ရပ်ပစ်ခဲ့ရပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာလည်း ရန်ကုန်မြို့သစ်စီမံကိန်းဟာ တိုင်ကွန်းဦးဝင်းအောင်နှင့် လုပ်ငန်းရှင်တစု ပါဝင်တယ်ဆိုတာကို လွှတ်တော်နှင့် ပြည်သူက သိထားပြီး နောက် ဘယ်လို အဆက်အစပ်တွေနှင့် လုပ်ဆောင်နေတာတွေကို မသိရသေးပါဘူးလို့ ၁၈ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ ရေးထားတဲ့ ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရပါတယ်။ အရင်အစိုးရ လက်ထက်တုန်းက အဆိုပါစီမံကိန်းဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝေဖန်တဲ့အထဲမှာ ယခုအစိုးရ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံလည်း ပါဝင်နေတယ် ဆိုတာကို သိရပါတယ်။ ဒီတော့ အရင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူးလို့ ဝေဖန်ခဲ့တဲ့ စီမံကိန်းဟာ လက်ရှိ အစိုးရလက်ထက်မှာ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလိမ့်မယ်လို့ မျှော်လင့်ကြတာ ပြည်သူတွေရဲ့ ဆန္ဒမှန်သာ ဖြစ်ပါတယ်။

ဒါကြောင့် သာမန်အဖွဲ့အစည်းမှသည် အစိုးရအဖွဲ့အစည်း စတဲ့ နေရာဌာနတွေတိုင်းမှာ တကိုယ်တော် သူရဲကောင်းတွေ များလာပြီး လူတစုအတွက်သာ လုပ်ဆောင်ပေးနေတဲ့သူတွေ ရှိနေသရွေ့ ပြည်သူတွေရဲ့ ဝေဖန်သံက ပိုပြီးမြင့်လာဦးမှာပဲ ဖြစ်ပါတယ်။ သူရဲကောင်းတွေကို သမိုင်းက မွေးဖွားပေမယ့် သူရဲကောင်း အတင်းလုပ်ကြရင်တော့ အဲဒီသမိုင်းကို ရေးရတဲ့အခါ ရုပ်ပျက်ဆင်းပျက်သမိုင်းကိုသာ ရေးကြရမှာ ဖြစ်ပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013