DVB Logo
Home
မြန်မာသတင်း
ဘီးလင်းက ငရုတ်သီးမှုန့် အမှတ်တံဆိပ်တခုတွင် Aflatoxin B1 မှိုအဆိပ်တွေ့ရှိ
DVB
·
September 27, 2017
Donate to DVB

မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေနဲ့ ဈေးကွက်ထဲက ငရုတ်သီးမှုန့်တွေမှာ Aflatoxin B1 ကင်ဆာဖြစ်စေတဲ့ မှိုအဆိပ်ကင်းစင်ရေး မကြာခဏ ရှောင်တခင်စစ်ဆေးနေပြီး ဘီးလင်းမြို့နယ်က ထုတ်တဲ့ ငရုတ်သီးမှုန့် အမှတ်တံဆိပ်တခုမှာ အဲဒီမှို ပါဝင်နေတယ်လို့ မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ငရုတ်သီးမှုန့် နမူနာတွေ စစ်တဲ့အခါ ဘီးလင်းမြို့က ထုတ်တဲ့ ဟင်္သာမင်း အမှတ်တံဆိပ် ငရုတ်သီးမှုန့်မှာ Aflatoxin B 1 မှိုအဆိပ်ရှိတာ တွေ့ရတယ်။ တခြားမြို့မှာတော့ ငရုတ်သီးမှုန့်တွေရဲ့ ကာလာတွေ အရင်စစ်တယ်။ Aflatoxin B 1 မှိုရှိတယ်လို့ သံသယရှိရင် ရန်ကုန်တို့၊ နေပြည်တော်တို့ကို ပို့ပြီးစစ်တယ်။”

ငရုတ်သီးမှုန့်တွေကို FDA(Food and Drug Administration ) ရဲ့ ထောက်ခံချက်ရရှိပြီး Aflatoxin B1 မှိုအဆိပ် ကင်းစင်မှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးခွင့်ပေးမှာ ဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။

Aflatoxin မှိုအဆိပ်တွေကို ငရုတ်သီးမှုန့်တွေအပြင် မြေပဲ၊ ပြောင်းဖူး၊ မြေပဲထောပတ်၊ နွားနို့၊ ဒိန်ခဲ၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆံပါတဲ့ အစားအစာတွေမှာ ဖြစ်လေ့ရှိတာ တွေ့ရပါတယ်။

အဲဒီမှိုကြောင့် အသည်းကင်ဆာ၊ အသည်းနဲ့ ကျောက်ကပ် ထိခိုက်ခြင်း၊ ဗိုင်းရပ်စ် အသည်းရောင်ရောဂါ၊ ကိုယ်ဝန်ဆောင်မိခင်များ ဦးနှောက်သေးငယ်ခြင်း၊ ဉာဏ်ရည်မမီတဲ့ ကလေးတွေ မွေးဖွားခြင်း၊ ပျို့အန်တာတွေနဲ့ သတိလစ်ပြီး အသက်သေဆုံးတဲ့အထိ ဆိုးကျိုးတွေ ဖြစ်စေတာကြောင့် တနိုင်ငံလုံးမှာ အဲဒီမှိုပါတဲ့ အစားအသောက်တွေကို ရောင်းချခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ CID၊ မော်လမြိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနဲ့ မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Interpol စီမံချက်နဲ့ မော်လမြိုင်မြို့  အမှတ် (၁) ဈေးက ဆေးဝါးရောင်းချနေတဲ့ ဆိုင်တွေကို ရှောင်တခင်စစ်ဆေးခဲ့ပါတယ်။

လက်ရှိမွန်ပြည်နယ်မှာတော့ ရွှေကျီး-ရွှေဝတီ၊ နံပါတ်ဝမ်း၊ ဝင့်ထည်ဖြိုးမောက်(ရှူးရှဲတံဆိပ်)၊ ဦးငွေစိုး၊ ဦးလှထွန်း စတဲ့ ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၅ မျိုးကို ရောင်းချခွင့်ပေးထားပြီး ၂၀၁၆ ခုနှစ်ကလည်း တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မွန်ပြည်နယ်က Aflatoxin မှိုပါဝင်မှု အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ ဒေါက်တာစိုးနိုင်က ပြောပါတယ်။

သတင်း- အာကာမင်း၊ ဓာတ်ပုံ - Mon Dfda၊ Phyu Aye

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013