DVB Logo
Home
မြန်မာသတင်း
ဆူပူအုံကြွရန်ငွေပေးစည်းရုံးမှုများရှိနေဟု မကွေးတိုင်းဝန်ကြီးချုပ်ထုတ်ဖော်ပြောကြား (ရုပ်သံ)
DVB
·
September 27, 2017
ဆူပူအုံကြွရန်ငွေပေးစည်းရုံးမှုများရှိနေဟု မကွေးတိုင်းဝန်ကြီးချုပ်ထုတ်ဖော်ပြောကြား (ရုပ်သံ)
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ဆူပူအုံကြွအောင်လုပ်ဖို့အတွက်မကွေးတိုင်းမှာ လူတစ်ယောက် ကျပ် ၅ သိန်းပေးမယ်လို့ ပြောဆိုစည်းရုံးမှုလုပ်နေတာကို သတင်းအတိကျရထားခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းလာပေးသူ၊ လိုက်လံစည်းရုံးနေသူနဲ့ နောက်ကွယ်က ပိုက်ဆံထုတ်ပေးမယ်လို့ ပြောဆိုသူတွေကို လုံခြုံရေးအရ နာမည်ထုတ်ဖော်ပြောဆိုမှာမဟုတ်ဘဲ ဥပဒေကြောင်းအရသာ အရေးယူမယ်လို့  စက်တင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

“ကျနော်တို့ မကွေးတိုင်းထဲမှာ စိုးရိမ်စရာ ဖြစ်ရတာတခုက ဘာလဲဆိုရင်တော့ လိုက်ပြီးစည်းရုံးတာတခု၊ တယောက်ကိုလိုက်ပြီး စည်းရုံးတာလို့ ကြားသိရတယ်။  နာမည်တွေကတော့ မမေးနဲ့ နာမည်တွေကတော့ လျှို့ဝှက်ချက်အနေနဲ့ ပြောလို့မရဘူး။ လုံခြုံရေးအရ ပြောလို့မရဘူး။  ကျနော်တို့ အတိအကျရထားတာက  လာပြီးစည်းရုံးတယ်။ ၅ သိန်းပေးမယ်။ အမ်းကိုလိုက်ခဲ့။  လမ်းမှာစားချင်တာစား၊ သောက်ချင်တာသောက်၊ အရင်းအနှီး အပြည့်အစုံတဲ့။  ကိုယ့်သမီးတွေ နှမတွေ အရွယ်လေးတွေပါတယ်။ အရင်းအနှီး အပြည့်အစုံ ဆိုတာ လမ်းမှာ ပြည့်တန်ဆာ လိုချင်ရင်၊ မိန်းမလိုချင်ရင်တောင်မှ ရှာပေးဦးမယ်ဆိုတာမျိုး ဒီလောက်ပြောပြီးတော့မှ စည်းရုံးတယ်။ ငါးသိန်းပေးမယ်။ သို့သော်လည်း တာဝန်ကျေပြီး မကွေးပြန်ရောက်မှ ဒီ ၅ သိန်းကပေးမှာ။ အဲဒီ ၅ သိန်းက ဘာလုပ်ဖို့တုန်းဆိုတော့ အမ်းမှာ ဆူပူအုံကြွအောင်လှုံ့ဆော်ပေးရမှာတဲ့။ ”

လှုံဆော်မှုအောင်မြင်ရင် သိန်းထောင်ချီရမှာဖြစ်ကြောင်းနဲ့ မည်သူမည်ဝါက ပေးမည်ဆိုတာကိုပါ စည်းရုံးသူက နာမည်နဲ့တကွထုတ်ဖော် ပြောဆိုပေမယ့် သူ့အနေနဲ့ ဒီနာမည်ကို ထုတ်ဖော်မပြောလိုကြောင်းလည်း ၀န်ကြီးချုပ်က ပြောပါတယ်။

“သိန်းထောင်နဲ့ချီပြီးရမယ်ဆိုတော့ မင်းဒီပိုက်ဆံတွေ ဘယ်သူကပေးမှာလဲဆိုတော့ နောက်က ပေးမယ့်လူကိုလည်း နာမည်ပြောတယ်။ ဒါကျနော်တို့ နာမည်မပြောလိုဘူး။ နောက်ကပေးမယ့်သူ မည်သူမည်ဝါဆိုတာလည်း ပြောတယ်။ အဲဒီလူက ဘာပြောလဲဆိုတော့ သူက တိုးတိုးလေးပြောတာ။ ငါတို့မှာ ငွေရှိတယ်။  လက်နက်ရှိတယ်။ စစ်တပ်ရှိတယ်။ မရှိတာ အာဏာပဲ မရှိတာ။ အဲတော့ ဆူပူအုံကြွမှုတွေဖန်တီးပြီးတော့ အာဏာရအောင် လုပ်ရမှာဆိုပြီး အဲလိုပြောတယ်။   ဘယ်သူဘယ်ဝါပြောတယ်ဆိုတာလည်း ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်ကတိုင်းမှာ သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို လိုအပ်သလို ညွှန်ကြားပြီးပြီ။ ပြောပြီးပြီ။  ဒါအင်မတန်ကို စိုးရိမ်စရာကောင်းတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက်ကို ”

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့အနေနဲ့ ဥပဒေနည်းလမ်းတတွေအရသာ ဖြေရှင်းမှာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် နယ်လုံဝန်ကြီး၊ ရှေ့နေချုပ်၊ တရားရုံးအရာရှိတွေနဲ့လည်း  တိုင်ပင်ဆောင်ရွက် နေကာ အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ရုပ်သံသတင်း-ဇော်ဖေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013