
နိုင်ငံတကာမှာလို အမျိုးသမီးယာဉ်မောင်းတွေပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး YBS 21ယာဉ်လိုင်းမှာ အမျိုးသမီးယာဉ်မောင်း ၃၀ ဦးထက် မနည်းခန့်အပ်သွားမယ်လို့ အဆိုပါ ယာဉ်လိုင်း ပြေးဆွဲနေတဲ့ Power 11 ကုမ္ပဏီ ကပြောပါတယ်။
အမျိုးသမီးယာဉ်မောင်းတွေ ခန့်အပ်ဖို့ လျှောက်လွှာတွေကို စက်တင်ဘာ၂၆ရက်နေ့ကနေ ၂ ပတ် လက်ခံနေပါတယ်။
Power 11 ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးတရုတ်လေးက “နိုင်ငံတကာမှာ အမျိုးသမီး ယာဉ်မောင်းတွေက ခေတ်စားတယ်။ ကျနော်တို့နိုင်ငံမှာ နည်းသေးတယ်။ ပြီးတော့ ကျနော်တို့ နိုင်ငံလည်း နောက်ပိုင်းမှာ နိုင်ငံတကာအဆင့်မီလာနိုင်တယ်။ ဒါကိုမျှော်မှန်းပြီး အခုလိုခန့်ဖို့ ရည်ရွယ်တာပါ။ အရေးကြီးဆုံးအချက်က အမျိုးသမီးယာဉ်မောင်းကို ခရီးသွားတွေ သဘောကျတယ် လက်ခံတယ်”လို့ ပြောပါတယ်။
လျှောက်လွှာတွေပေါ်မူတည်ကာ ယာဉ်မောင်းတတ်ပြီးသားသူတွေကို တန်းခန့်တာ၊ မတတ်သေးသူတွေကို သင်ကြားပေးတာတွေ လုပ်သွားမယ်လို့သိရပါတယ်။
“အမျိုးသမီးတွေ ကားကြီးမောင်းတဲ့အပေါ် ကျနော်လုံးဝ စိုးရိမ်မှုမရှိဘူး။ သူတို့က ကားမောင်းနေချိန်မှာ အမျိုးသားတွေထက် ဒေါသမောဟ ပိုနည်းတယ်။ ခရီးသည်တွေအတွက် စိတ်ချရတယ်။ ၃၀ ဦးလို့ သတ်မှတ်ထားပေမယ့် အဲဒီ့ထက်ပိုများဖို့ပဲရှိတယ်”လို့ ကိုတရုတ်လေးက ပြောပါတယ်။
YBS21 ယာဉ်လိုင်းမှာ အသက် ၂၈ နှစ်အရွယ် ပထမဆုံး အမျိုးသမီးယာဉ်မောင်းကို လွန်ခဲ့တဲ့ ၆ လလောက်က ခန့်အပ်ခဲ့ပြီး စက်တင်ဘာ တတိယပတ်က နောက် ၁ ဦးထပ်ခန့်ခဲ့ပါတယ်။
လာလျှောက်မယ့်အတွေ့အကြုံမရှိ လုံးဝမမောင်းတတ်သူတွေကို သင်တန်းကာလအတွင်း ထောက့်ပံ့စရိတ် တလကို ၂၀၀၀၀၀ ကျပ်ထောက်ပံ့ပေးမှာဖြစ်ပြီး လိုင်စင်ရရှိဖို့ပါ ကူညီပေးသွားမယ်လို့ သိရပါတယ်။
လျှောက်ထားလိုသူတွေ အနေနဲ့ လိုင်စင်ဓာတ်ပုံ ၃ ပုံ၊ မှတ်ပုံတင် သန်းခေါင်စာရင်း လိုင်စင် မိတ္တူ ၃ စုံ၊ တပတ်အတွင်း ရပ်ကွက်နေထိုင်ကြောင်း၊ ရဲစခန်းပြစ်မူကင်းရှင်းကြောင်း ထောက်ခံစာ မူရင်းတို့နဲ့အတူ အမှတ် ၂၄၅ တော်ဝင်လမ်း ၇ ရပ်ကွက် ရွှေပြည်သာမှာ လျောက်ထားနိုင်ပါတယ်။











