ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ မြို့နယ်စည်ပင်သာယာက အမှိုက်စွန့်ပစ်ကားတွေဟာ စွန့်ပစ်အမှိုက်တွေကို အမှိုက်ပုံထဲအထိရောက်အောင် အမှိုက်တွေကို မစွန့်ပစ်ဘဲ ကားလမ်းမပေါ်မှာတင် ပုံထားခဲ့တာကြောင့် ဒေသခံပြည်သူတွေ သွားလာရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေးထိခိုက်မှုတွေလည်း ခံစားနေရတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။
ညောင်လေးပင်-မဒေါက်ကားလမ်းဘေးမှာရှိတဲ့ စွန့်ပစ်အမှိုက်ပုံမှအမှိုက်တွေကို အမှိုက်ပုံရဲ့ အတွင်းထိရောက်အောင်ပုံထားခဲ့ခြင်း မရှိတာကြောင့် ခုလိုလမ်းမပေါ်ထိ အမှိုက်တွေ ရောက်ရှိနေပြီး အမှိုက်ပုံမှထွက်တဲ့ ရေဆိုးရေညစ်တွေပါကားလမ်းပေါ်ထိ စီးဆင်းနေတာကြောင့် သွားလာရာမှာအခက်အခဲတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
မုက္ခမှူကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးနန်း က “ကျနော်ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်စည်ပင်ကို စာတင်ထားတာရှိပါတယ်။ မြို့နယ်ကိုလည်း နှုတ်နဲ့ ပြောထားတာတွေ ရှိပါတယ်။ ဒါပေမယ့်စည်ပင်က ဘာမှကို ထိထိရောက်ရောက်လာမလုပ်ဘူး။ လမ်းသွား လမ်းလာတွေဆို အဲ့ဒီအနားရောက်ရင် အသက်အောင့်ပြီး ဆိုင်ကယ်တို့ကားတို့ကို မောင်းပြေးရတယ်။ အနံ့က ဘယ်လိုမှမခံနိုင်ဘူး။ အနီးအနားမှာလည်း ဘုန်းကြီးကျောင်းတွေ စာသင်တိုက်တွေရှိနေတယ်။ ခုဟာ လမ်းမပေါ်မှာမြင်မကောင်းဘူး။ ပုတ်ပွနေတာ”လို့ ဒီဗွီဘီ ကိုပြောပါတယ်။
ဒီအမှိုက်ပုံဟာမြို့မ (၁) ရပ်ကွက် နှင့်မုက္ခမှူကျေးရွာကြားမှာ တည်ရှိနေပြီး လူနေအိမ်ထူထပ်ပြီး လူဦးရေးတိုးပွားလာတာကြောင့် အနီးအနားမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ ကျန်းမာရေးထိခိုက်မှုတွေကိုပါ ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒီအမှိုက်ပုံကို ဖယ်ရှားရှင်းလင်းခြင်းမရှိပါက ဒေသခံပြည်သူတွေ သက်ဆိုင်ရာဝန်ကြီးဌာန တွေအထိ တိုင်စာများပေးပိုပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်











