DVB Logo
Home
မြန်မာသတင်း
ဟိန္ဒူများအတွက်လုံခြုံရေးဆောင်ရွက်ပေးစေလို၊ အသတ်ခံရသည့် ဟိန္ဒူမိသားစုဝင်များ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရ
DVB
·
September 26, 2017
ဟိန္ဒူများအတွက်လုံခြုံရေးဆောင်ရွက်ပေးစေလို၊ အသတ်ခံရသည့် ဟိန္ဒူမိသားစုဝင်များ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရ
Donate to DVB

 

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူနည်းစု ဟိန္ဒူဘာသာဝင်တွေရဲ့ လုံခြုံရေးအတွက် ဒေသခံတိုင်း ရင်းသားတွေနဲ့အတူ ကာကွယ်စောင့်ရှောက်ပေးဖို့ ဟိန္ဒူလူမှုရေးအဖွဲ့အချို့က အစိုးရကို တောင်းဆိုလိုက်ပါတယ်။

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီး ရက်ရက်စက်စက်အသတ်ခံထားရတဲ့ ဟိန္ဒူဘာသာဝင် ရွာသားတွေရဲ့ ရုပ်အလောင်းတွေ မြေကျင်းထဲမှာမြှုပ်ထားတာ ထပ်တွေ့ခဲ့ ခဲ့ပြီးနောက် ဟိန္ဒူဓမ္မသာလလူမှုရေးအသင်းကတောင်းဆိုတာပါ။

အကြမ်းဖက်သမားတွေဆိုတာ ဟိန္ဒူသာမကဘဲ ဘာသာဝင်တိုင်းကို တိုက်ခိုက်တာ ကြောင့် ဟိန္ဒူတွေကို အထူးဂရုစိုက်ဖို့မတောင်းဆိုဘူးလို့ ဟိန္ဒူဓမ္မသာလလူမှုရေးအသင်းမှ တာဝန်ရှိသူ ရာဂျစ်ကူးမား ကပြောပါတယ်။

“ဒီဟိန္ဒူအသိုင်းအ၀ိုင်းကို သီးသန့်ကြီးကာကွယ်ပေးစရာ မရှိဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဒေသခံတွေနဲ့ပဲ ကျနော်တို့ ဟိန္ဒူအသိုင်းအ၀ိုင်းကနေတယ်။ ဘယ်နေရာမှာ မဆိုပေါ့နော်။ လူနည်းစုဖြစ်တယ်။ ရာခိုင်နှုန်းလည်းနည်းပါတယ်။ဆိုတော့ဒီဒေသခံ ရွာသားများ နည်းတူပေါ့။ ဒေသခံတွေလုံခြုံမှုရှိတယ်ဆိုလို့ရှိရင် ဒီဟိန္ဒူမိသားစုတွေလည်း အားလုံး လုံခြုံမှုရှိမယ်လို့ထင်တယ်။  ဒီအကြမ်းဖက်သမားတွေကတော့ သူတို့ဆန္ဒတခုပဲ ဟိန္ဒူလူမျိုးတွေရဲ့ ခေါင်းစဉ်တပ်ပြီး သတ်ဖြတ်တာမဟုတ်ဘူး။ အကြမ်းဖက်သမားဆိုကတည်းက သူတို့ ဘာဘာသာမှ နားလည်တဲ့လူမျိုးတွေမဟုတ်ဘူး။ ”

လူလူချင်း အကြမ်းဖက်သတ်ဖြတ်ခံရတာတွေအတွက် ဟိန္ဒူဘာသာဝင် တယောက် အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်၊ လက်ရှိမှာတော့ ဒုက္ခခံစားရသူတွေအတွက်  သူတို့အဖွဲ့ကနေ အလှူခံရရှိထားတာတွေကို ပို့ဆောင်ပေးနေတယ်လို့ဆိုပါတယ်။

လက်ရှိမှာ အမျိုးသမီးနဲ့ကလေးတွေကို အထူးဂရုစိုက်ဖို့လိုအပ်နေကြောင်းကိုလည်း ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေရှိတဲ့ ဟိန္ဒူဘုရားကျောင်း၂ခုကို ကိုယ်တိုင်သွားရောက်ကူ ညီပေးခဲ့တဲ့ ဟိန္ဒူအမျိုးသမီးများကဏ္ဍက တာဝန်ရှိသူ ဒေါ်ကက်သရင်းသိန်းက သူ့ရဲ့အတွေ့အကြုံ ကို အခုလိုပြောပြပါတယ်။

“အမျိုးသမီးများ ဘယ်လောက်တောင် ၀မ်းနည်းအားငယ်လဲဆိုရင် ကျမသွားတဲ့အချိန်မှာ ကျမကိုဖက်ပြီးငိုကြပါတယ်။  သူတို့ဆိုရင်ကိုယ်ဝန် ၉ လကြီးနဲ့နော်။ ယောကျာ်းလည်းသေ၊ တမျိုးလုံးသေ၊ အကုန်လုံးသေပြီး ကျန်ခဲ့တဲ့ အမျိုးသမီး ကလေးလေးတယောက်က ဦးလေးအိမ် သွားနေလို့၊ အားလုံးသေသွားပြီး သူတယောက်ထဲ ကျန်ခဲ့တယ်။ ဘယ်လောက် သနားဖို့ ကောင်းလဲဆိုတော့ အဖေသေတော့မယ်ဆိုတာသိတဲ့အခါ တိုင်ကီကြီးထဲမှာ  သားနှစ်ယောက်ကို ဖွက်ထားလိုက်တာပါ။ အဲလိုဖွက်ထားတဲ့အချိန်မှာ တမျိုးလုံးသေသွားတယ်။  ကလေးတွေက တိုင်ကီကြီးထဲမှာ ငြိမ်ငြိမ်လေးနေလို့ အသက်ရှင်လွတ်မြောက်သွားခဲ့တာမျိုးတွေက ကျမတို့ ရင်ထဲမှာ အရမ်းမကောင်းပါဘူး။”

သူသွားရောက်ခဲ့တဲ့ ဘုရားကျောင်းကျဉ်းကျဉ်းထဲမှာ လူပေါင်း ၁၁၀၀ ကျော်ဟာ ဒုက္ခရောက် နေတာကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့အပြင် ဝမ်းနည်းကြေကွဲရလို့ တာဝန်ရှိသူတွေ  နိုင်ငံတကာအလှူရှင်တွေအနေနဲ့ ကူညီပေးဖို့လည်း ပန်ကြားပါတယ်။

လက်ရှိမှာ ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင် အရေအတွက်ဟာလည်း၁၀၀ကျော်ရှိနေပြီး အလောင်းတွေထပ်ရဖို့ကြိုးစားနေဆဲပဲလို့ မောင်တောမြို့နယ် ဟိန္ဒူ လူမှုကယ်ဆယ်ရေးအဖွဲ့ ကလည်း ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာ တစ်ရာခိုင်နှုန်းတောင်မရှိတဲ့ လူနည်းစုဟိန္ဒူတွေရဲ့ လုံခြုံရေးအတွက် ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသနာရေး ဗဟိုအဖွဲ့ချုပ်ကလည်းတိုက်တွန်းပါတယ်။

ရွာလုံးကျွတ်အသတ်ခံရတဲ့ နေရာတွေမှာ နေရာပြန်ချတာတွေမလုပ်ဖို့ နိုင်ငံတော်အစိုးရကို အထူးတိုက်တွန်းပြီး တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံ ဆိုင် ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူ ကပြောပါတယ်။

“တိုင်းရင်းသားတွေနဲ့ အကုန်တည့်အောင်ပေါင်းတယ်။ အလားတူပဲ တဖက်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့လည်း သင့်တင့်လျောက်ပတ်စွာနေတယ်ပေါ့။ ဒါပေမယ့် အဆင်ပြေဆုံးကတော့ တိုင်းရင်းသားတွေနဲ့ပိုအဆင်ပြေတယ်။ တိုင်းရင်းသားတွေကလည်း ကိုယ့်ကို သွေး   ချင်းလိုပဲ ချစ်ကြတယ်။ အဲလိုနေရင်းနဲ့ အခု ဒီဖြစ်ခဲ့တဲ့ပွဲမှာ သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ ကျနော်တို့  ဟိန္ဒူဘာသာဝင်တွေက အဓိက ပစ်မှတ်ပုံစံမျိုးဖြစ်လာတယ်။”

မောင်တောမှာ သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ဟိန္ဒူဘာသာဝင် ၉၀ကျော်ကို အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ မိသားစုဝင်တချို့က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇာမြို့နယ်၊ ကူတူပါလန် ဒုက္ခသည်စခန်းမှာလည်း ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဟိန္ဒူအမျိုးသမီးတွေလည်း ရှိနေဆဲလို့ဆိုပါတယ်။

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်မှာ  သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တွေမြို့ကို ထွက်ပြေး လာရသူအရေအတွက်ဟာ စက်တင်ဘာ ၂၆ ရက်စာရင်းအရ ၅၀၀၀ ကျော်လောက်ရှိနေပြီး အဲ့ဒီအထဲမှာ ဟိန္ဒူဘာသာဝင် ၁၀၀၀ ကျော်လည်း ပါဝင်ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာဝင်တွေရဲ့    မိသားစုတွေ  အနေနဲ့သူတို့ တွေ့ကြုံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ စစ်တွေ ကယ်ဆယ်ရေးစခန်းကို ရောက်နေတဲ့  မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာက ဒုက္ခသည်တဦးကပြောပါတယ်။

အဲ့ဒီအထဲမှာ မောင်တောမြို့နယ် အုတ်ထိန်းကျေးရွာက ရှိတာဘာလာဟာလည်း ပါဝင်ပြီး သူကတော့ သူ့မိသားစုတွေ အကုန်လုံး အသတ်ခံလိုက်ရတာကြောင့် စိတ်ခံစားနေရပါတယ်။ စစ်တွေရှိ ဓညဝတီ ကယ်ဆယ်ရေးစခန်းမှာ မိသားစုတွေအသတ်ခံရပြီး တယောက်ထဲ ကျန်ရစ်ခဲ့တဲ့ ခလေး ငယ် ၃ ဦးရှိနေပါတယ်။

လက်ရှိမှာတော့နေရပ် ပြန်နေထိုင်ချင်သူတွေရှိနေပေမဲ့ သူတို့သာ တကယ်နေရမယ်ဆိုရင် မောင်တောမြို့မှာ လုံခြုံတဲ့ နေရာတခုရှိဖို့ လိုတယ်လို့  ဓညဝတီကယ်ဆယ်ရေး စခန်းက ဒုက္ခသည်တဦးကပြောပါတယ်။

ဓညဝတီစခန်းနေဒုက္ခသည် အမျိုးသမီးတဦးက “ဘာမှမကျန်ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆွဲသွားတဲ့ထဲမှာ ချွေးမလည်း ပါသွားတယ်။ သေသွားတဲ့အထဲမှာ သားနှစ်ယောက် ပါသွားတယ်။ ဒီမှာ နေရထိုင်ရတာတော့ အဆင်ပြေတယ်။ ရွှေတွေ ဒီလောက်ပါသွားတာ စိတ်မပူပါဘူး။ သားနှစ်ယောက်အတွက် အရမ်းကို ဝမ်းနည်းနေပါတယ်။ ၁၇ ယောက် ပါသွားတဲ့အထဲမှာ သားနှစ်ယောက် ပါသွားပါတယ်။”လို့ ဘာသာပြန်ကတဆင့်ပြောပါတယ်။

စစ်တွေမြို့မှာ ဓညဝတီဘောလုံးကွင်း၊ မင်းဘာကြီးလမ်းနဲ့ ချင်းပျံလမ်းထဲက ကယ်ဆယ်ရေး စခန်းတွေမှာ ဟိန္ဒူဘာသာဝင် ဒုက္ခသည် ၁၀၀၀ ဝန်းကျင်ရှိနေပြီး စာဝတ်နေရေး အတွက်တော့ အစိုးရနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းမှူတွေကြောင့် သိပ်အခက်အခဲမရှိဘူးလို့ ဓညဝတီ ကယ်ဆယ်ရေး စခန်းတာဝန်ခံ ဦးဘုလှရွှေကပြောပါတယ်။

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီးမှာ ပျောက်ဆုံးနေသူတွေထဲက အလောင်း ၂၈လောင်းကို စက်တင်ဘာ၂၄ရက်နေ့က စတင်တွေရှိခဲ့ပြီး ၂၅ရက်နေ့မှာတော့ အမျိုးသား အလောင်း ၁၇လောင်းကို မြေကျင်းထဲမှာ မြှုပ်ထားတာ ထပ်တွေရှိခဲ့လို့ စုစုပေါင်း အလောင်း၄၅ လောင်းတွေ့ရှိထားပြီလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ဟိန္ဒူဘာသာဝင်တွေကိုတော့ ဘာသာရေးဓလေ့ထုံးစံအတိုင်း စက်တင်ဘာ ၂၉ ရက်နေ့မှာ အခမ်းအနားနဲ့ သင်္ဂြိုဟ်ဖို့ စီစဉ်ထားပါတယ်။

သတင်း- လေးလေးမွန်/ ကိုကိုကြည်။ ဓာတ်ပုံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013