DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ် ကျေးရွာအချို့တွင် မိုးများရေကြီးပြီး လူနေအိမ်များအတွင်း ရေများဝင်ရောက်
DVB
·
September 26, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဖလန်ကန်ရွာနဲ့ ပျားစွဲရွာ ၂ ရွာမှာ စက်တင်ဘာ ၂၅ ရက် မနက် ၁ နာရီက မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် ခါတက်ကန်ရေပိုလွှဲဘေးက မြေသားတမံ ကျိုးပျက်ပြီး လူနေအိမ်တွေထဲကို ရေတွေ ဝင်ရောက်လာနေပါတယ်။

ဖလန်ကန်အုပ်ချုပ်ရေးမှူး ဦးပေါစံက “မနက် ၇ နာရီလောက်မှာ လူနေအိမ် ၄၅ အိမ်နဲ့ ရွာလမ်းတွေမှာ ရေပေါင်လယ်လောက် တက်လာတယ်။ ရေလာတာ လိုက်ကြည့်တော့ ခါတက်ကန် ရေပိုလွှဲဘေးက မြေသားတမံ ပေ ၅၀ လောက် ပြတ်သွားတာ တွေ့တယ်။ တခြားရွာတွေဘက်က ရေတွေစုပြီး ကန်ထဲဝင်တာ များတော့ ကန်ကျိုးသွားတာ ဖြစ်မယ်။ မိုးဆက်မရွာရင် ရေကျမယ်။ စပါးခင်းကတော့ ရေမြုပ်တာခံနိုင်တယ်။ မိုးကြက်သွန်နဲ့ ငရုတ်တွေကတော့ ပျက်ပြီပေါ့”လို့ ပြောပါတယ်။

ပျားစွဲရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက “မိုးများပြီး တခြားရွာက ရေတွေ ရောက်လာတယ်။ အနိမ့်ပိုင်း လူနေအိမ် ၄၀ နဲ့ လမ်းတွေမှာ ရေတက်လာတယ်။ ဒီနှစ်ပိုင်း ကြက်သွန်နီ ဈေးကောင်းလို့ စိုက်လိုက်တာ ရေနစ်သွားတယ်။ ရှုံးပြီပေါ့။ ငရုတ်ကတော့ နည်းနည်းပဲ စိုက်တယ်။ ရေကျလည်း အနံ့ဆိုးနဲ့ နွံနှစ်တွေ ကျန်ခဲ့မှာပေါ့။ ဆိုးပါတယ်ဗျာ”လို့ ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးရုံး ဘီစီဦးအောင်ကျော်ဦးက “မိုးများလို့ ရွာထဲ ရေဝင်တယ်။ တရွာလုံးက လူနေအိမ် အကုန်လုံး မဝင်ဘူး ရေဝင်နေတဲ့ အိမ်တွေက ရေလွတ်တဲ့အိမ်တွေမှာ ချက်ပြုတ်စားကြတယ်။ အိမ်မွေးတိရစ္ဆာန်တွေ၊ ကလေးတွေကိုတော့ ရေလွတ်ရာ ပို့ထားကြတယ်။ မိုးဆက်မရွာရင် ရေပြန်ကျမှာပါ။ ကူညီဖို့ ဌာနဆိုင်ရာတွေ သွားကြပါတယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ဖလန်ကန်ရွာမှာ စာရင်းပေါက် အိမ်ခြေ ၂၀၀ ကျော် ရှိပါတယ်။ လူဦးရေ ၁၁၀၀ ကျော် ရှိပါတယ်။ ၂၀၀၄ ခုနှစ်က အခုလို ရေဝင်ခဲ့ပါတယ်။ လူခင်းအုပ်စု ပျားစွဲရွာမှာ စာရင်းပေါက် အိမ်ခြေ ၅၅၀ ကျော်ရှိပြီး လူဦးရေ ၂၅၀၀ ကျော်ရှိနေပါတယ်။

ရွာက အနိမ့်ပိုင်း အိမ်တွေ မိုးများတိုင်း ရေဝင်တတ်ပါတယ်။ ရွာ ၂ ရွာလုံး တောင်သူလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ ဒီမနက်အထိ မိုးဆက်မရွာတဲ့အတွက် ရေက ၁ ပေလောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013