စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားပျံကျဈေးရှိ ဈေးသူဈေးသားတွေက အင်းတော်မြို့နယ်စည်ပင်က တရားစွဲဆိုထားတဲ့ အမှုကို ရုပ်သိမ်းပေးရေး အပါအဝင် ဈေးကောက်နှုန်းထားတွေ တိုးမြင့်နေခြင်းအပေါ် ဒီကနေ့မနက် အင်းတော်မြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ နဘားကျေးရွာမှ ဦးချစ်ပိုက“ စစ်အစိုးရတုန်းကလိုပေါ့၊ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာ တာလိုချင်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ။ ကျနော်တို့ ဈေးသူဈေးသားတွေကို ရှိတာ မရှိတာ ဘေးချိတ်၊ အတင်းအဓမ္မ ဈေးကောက် ကောက်ခံနေတာဗျ။ ဈေးကောက်က တနှစ်ထက်တနှစ် တက်တက်လာပါတယ်။ ကျနော်တို့ ကျေးရွာလေးဟာ အလွန်ဆုံး ၁ နာရီလောက်ပဲ ဈေးရောင်းရပါတယ်။ အဲဒီမှာ တခန်းကို တရက် တရာနှုန်း ကောက်ရာကနေ သုံးရာနှုန်း တက်ကောက်ပါတယ်။ အဲဒီ သုံးရာကို မပေးနိုင်တဲ့အတွက် ကျနော်တို့မှာ တရားစွဲခံရပါတယ်”လို့ ပြောပါတယ်။
နဘားကျေးရွာ ပျံကျဈေးမှ ဈေးသည် ၃၂ ဦးကို အင်းတော်မြို့နယ်စည်ပင်မှ စက်တင်ဘာ ၁၉ ရက်မှာ ရာကြီးအမှုအမှတ် ၂၉၉ စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၂ အရ အင်းတော်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာပါ။
နဘားပျံကျ ဈေးသူဈေးသား အင်အား ၁၀၀ ခန့်က ဒီကနေ့မနက် အင်းတော်မြို့တွင်းလှည့်လည်ကာ “တရားစွဲဆိုထားမှု ရုပ်သိမ်းပေးရေး” ၊“ဈေးကောက်နှုန်းထား လျှော့ချပေး”၊ “တယောက် ကောင်းစားပြီး ဈေးသူဈေးသား နစ်နာသော ဈေးကောက်နှုန်းထား လျှော့ချရေး”၊ “ဈေးအတွင်း အန္တရာယ်ရှိကုက္ကိုပင် ခုတ်ပေးရေး” စတဲ့ ကြွေးကြော်တွေ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)











