DVB Logo
Home
မြန်မာသတင်း
ဟိန္ဒူဘာသာဝင်အလောင်း ၁၇ လောင်း ထပ်မံတူးဖော်တွေ့ရှိ
DVB
·
September 26, 2017
ဟိန္ဒူဘာသာဝင်အလောင်း ၁၇ လောင်း ထပ်မံတူးဖော်တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ မြေကျင်းထဲ မြှုပ်ထားတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၁၇ လောင်းကို ထပ်မံတူးဖော်တွေ့ရှိတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၂၅ ရက် မနက်က ကျန်ရှိနေတဲ့ ဟိန္ဒူဘာသာဝင် ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေရာမှာ ရဲဘော်ကျကျေးရွာရဲ့ အနောက်မြောက်ဘက် အလောင်း ၂၈ လောင်း တွေ့ရှိခဲ့တဲ့ နေရာအနီး အရှေ့ဘက် မီတာ ၂၀၀ အကွာ တောင်ကြောရဲ့ တဖက်ခြမ်းမှာ တွေ့ရှိခဲ့တာပါ။

အဲဒီနေရာမှာ အကျယ် ၁၀ ပေ၊ အနက် ၄ ပေခန့်ရှိ မြေကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၁၄ လောင်း၊ ၎င်းနေရာနဲ့ ၇ ပေခန့်အကွာမှာ အကျယ် ၁၀ ပေ၊ အနက် ၃ ပေခန့်ရှိ မြေကျင်းအတွင်းမှ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၃ လောင်း၊ စုစုပေါင်း ရုပ်အလောင်း ၁၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့ပြီး ဒေသခံ ဟိန္ဒူဘာသာဝင်တွေရဲ့ ပြောကြားချက်အရ ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်တွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တူးဖော်တွေ့ရှိတဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာက စိစစ်ရာမှာ လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာတွေကြောင့် လွန်ခဲ့တဲ့ ၁ လလောက်က သေဆုံးခဲ့တာလို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် ကျန်းမာရေးဦးစီးမှူး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်သိန်းက "တူးဖော်ထားတဲ့ အလောင်းတွေကို စစ်ဆေးကြည့်တဲ့အခါ လည်ပင်းလှီးပြီး သတ်ထားတာကို တွေ့ရတယ်။ တချို့အလောင်းတွေက လက်တွေ၊ ခြေတွေကို ဓားနဲ့ခုတ်ထားတယ်။ ခြေထောက်ဖြတ်ပြီးမှ လည်ပင်းကိုလှီးတာ တွေ့ရတယ်။ ပထမတွေ့တဲ့ နေရာက အမျိုးသမီးအလောင်း ၁၂ လောင်းနဲ့ နောက်တနေရာမှာ ကလေးနဲ့ လူငယ်အလောင်း ၁၆ လောင်း တွေ့ရတယ်။ ဒီနေ့ နောက်ထပ်တွေ့ရတဲ့နေရာက အလောင်းတွေက အမျိုးသားအလောင်းတွေပါ" လို့ ပြောတဲ့အကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့အတွက် ရဲတပ်ဖွဲ့က အလောင်းတွေကို တူးဖော်ပြီး စုံစမ်းချင်တယ်လို့ ခွင့်ပြုချက် တောင်းခံလာတဲ့အတွက် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ တူးဖော်ခွင့်ပြုခဲ့တာလို့ မောင်တောမြို့နယ် တရားသူကြီး ဦးဇော်ဇော်သန်းက ဆိုပါတယ်။

ရုပ်အလောင်းတွေ တွေ့ရှိတဲ့နေရာကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှုပြီး ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ ဟိန္ဒူဘာသာဝင် မိသားစုတွေကို နှစ်သိမ့်အားပေးစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်အလောင်းတွေကို ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ကာ ဒဏ်ရာတွေကို အသေးစိတ် စိစစ်ပြီး ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူသွားမှာဖြစ်သလို ဟိန္ဒူဘာသာဝင်တွေရဲ့ ထုံးတမ်းစဉ်လာနဲ့အညီ သဂြုင်္ိဟ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရဲဘော်ကျကျေးရွာမှာ စက်တင်ဘာ ၂၄ ရက်နေ့က ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၂၈ လောင်း၊  စက်တင်ဘာ ၂၅ ရက်နေ့က ၁၇ လောင်း၊ စုစုပေါင်း  ၄၅ လောင်း တူးဖော်ရရှိခဲ့ပြီး ဆက်လက်ရှာဖွေသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013