
နိုင်ငံ့ဝန်ထမ်းများအတွက် တန်ဖိုးသင့် လူနေတိုက်ခန်းတွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ UHM Development ကုမ္ပဏီက ရင်းနှီးမြှုပ်နှံပြီး တာဝန်ယူ တည်ဆောက်တဲ့ လူနေတိုက်ခန်းတွေကို မဲနှိုက်ရွေးချယ် ရောင်းချပေးပွဲကို စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူတဲ့အခါ မြို့ပြလူနေမှုအဆင့်အတူ အဆင့်မြင့် နေထိုင်နိုင်အောင်နဲ့ အနည်းဆုံး တိုက်ခန်းတခန်း ပိုင်ဆိုင်စေချင်တဲ့ စေတနာ ရည်ရွယ်ချက်တွေနဲ့ အရစ်ကျ ရောင်းချပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် အားကစားနဲ့ ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်က “ကျနော်က ဝန်ထမ်းလုပ်သက် ၃၃ နှစ်ကျော်ပြီပေါ့နော်။ ဒီလာမယ့် ၂၀၂၀ မှာ ပင်စင်ယူတော့ မယ်။ ပင်စင်ယူတဲ့အပေါ်မှာ နေစရာအိမ်က မရှိသေးဘူး။ ကျနော်တို့ရဲ့ ဝန်ထမ်းကာလ သက်တမ်းမှာ ဝန်ထမ်းအိမ်ရာတွေနဲ့ပဲ အခြေချနေထိုင်ခဲ့တဲ့ ၃၃ နှစ်ကျော် ကာလလုံးလုံးမှာ တမြို့ တမြို့ ပြောင်းပြောင်းပြီးတော့ ကိုယ်ပိုင်အိမ်လည်း မရှိခဲ့ဘူး။ မရှိခဲ့တဲ့အပေါ်မှာ ဒီပင်စင်လေးယူတဲ့အချိန်မှာ ခြစ်ချုပ်ပြီးတော့ စုထားတဲ့ ငွေကြေး အလုံအလောက်လေးပေါ့နော် ဒီတိုက်ခန်းကို ဝယ်ယူတယ်။ အလုံအလောက်လေးပဲ။ ဒါ ဒီထက်ပိုတာလည်း မရှိတော့ဘူး။ အဲဒီဟာလေးနဲ့ ဒါကိုယ့်ရဲ့ ဝန်ထမ်းရဲ့ လုပ်သက် အကျိုးကျေးဇူးကြောင့် ဒါရတယ်လို့ပဲတွေးပြီး အရမ်းဝမ်းသာပီတိ ဖြစ်ရပါတယ်”လို့ ပြောပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံ၊ဘဏ္ဍာ၊ စည်ပင်ဝန်ကြီး ဦးသန်းနိုင်က “ရွှေဖားစည်အိမ်ရာ ၁ ဆိုပြီးတော့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ခွင့်ပြုပေးလိုက်တာ။ Development ကတော့ သူ့ဟာသူ မြေဝယ်ပြီးတော့ ဆောက်တာပဲ။ ဒါပေမယ့် တန်ဖိုးနည်းအိမ်ရာတော့ မဖြစ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆို သူ့မှာက မြေဝယ်ရတာကို မြေပေါက်ဈေးကလည်း သိတဲ့အတိုင်းပဲလေ။ ကျနော်တို့ မြို့ရဲ့ မြေပေါက်ဈေးက သိတဲ့အတိုင်းပဲ။ အခု ဒုတိယအကြိမ် သူ ထပ်လုပ်မယ်ဆိုတော့ ကျနော်တို့ နိုင်ငံတော်ကလည်း စေတနာနဲ့ လုပ်ပေးမယ့် ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီတယ်”လို့ ပြောပါတယ်။
UHM Development ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းအောင်ရွှေက “လက်ရှိ ဝန်ထမ်းတွေကို ရောင်းချတဲ့အခါမှာ ကျနော်တို့ ဆောက်လုပ်မှုစရိတ် အရင်းအတိုင်းပဲ ကျနော်တို့ ရောင်းချပါတယ်။ မြေယာတန်ဖိုးတွေကို မတွက်ပါဘူး။ စောစောက ကျနော် ရှေ့မှာ ရှင်းပြသွားသလိုပဲ ပုဂ္ဂလိကတွေကို ရောင်းချတဲ့အခါမှာ အကျိုးအမြတ်တခု ထည့်သွင်းပြီးတော့ ရောင်းချမှာပါ။ ဒီဟာတွေကတော့ ဒီဝန်ထမ်းတွေမှာ ကျနော်တို့ သုံးစွဲခဲ့တဲ့အပေါ်မှာ ပြန်လည်ပြီးတော့ အသုံးချသွားဖို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေကို UHM Development ကုမ္ပဏီက တန်ဖိုးသင့် လူနေတိုက်ခန်း အရစ်ကျ ရောင်းချပေးရာမှာ ကနဦး ၃၀ ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းကို ဘဏ်နဲ့ ချိတ်ဆက်ပြီး လစဉ် ၁ သိန်း ၇ သောင်းခန့်ကို ၅ နှစ် အရစ်ကျပေးသွားရမှာ ဖြစ်ပါတယ်။
အဆိုပါ စီမံကိန်းကို ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်၊ အ.ထ.က ၃ အနီး မြေဧရိယာအကျယ် ၃ ဧကခွဲပေါ်မှာ ၄ ခန်းတွဲ ၅ လွှာ၊ တိုက်အလုံးပေါင်း ၁၅ လုံးကို တည်ဆောက်နေတာဖြစ်ပြီး အခန်းဖွဲ့ပြင်ဆင်ပြီး မြေညီထပ်ကို ၁၇၅ သိန်း၊ ပထမထပ် ၁၇၀ သိန်း၊ ဒုတိယ ၁၆၅ သိန်း၊ တတိယထပ် ၁၆၀ သိန်း၊ စတုတ္ထထပ် ၁၅၅ သိန်းနဲ့ ရွှေဖားစည်အိမ်ရာစီမံကိန်း ၁ ကနေ အခန်း ၃၂ ခန်း၊ စီမံကိန်း ၂ ကနေ အခန်း ၃၀၀ ခန်း စုစုပေါင်း ၃၃၂ ခန်း ရောင်းချပေးခဲ့သလို နိုင်ငံ့ဝန်ထမ်းတွေကို ရောင်းချပြီးပါက မကြာခင် ဒေသခံပြည်သူတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကိုပါ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဆက်လက် ရောင်းချပေးသွားနိုင်အောင် စီမံဆောင်ရွက်သွားမယ်လို့ မန်နေဂျင်း ဒါရိုက်တာက ပြောပါတယ်။
သတင်း - ရဲမင်းခေါင်











