DVB Logo
Home
Lead Story
အဖိုးကြီးနှစ်ယောက်ပြတဲ့ ဘဝတန်ဖိုး
DVB
·
September 25, 2017
အဖိုးကြီးနှစ်ယောက်ပြတဲ့ ဘဝတန်ဖိုး
Donate to DVB

(က)

သင့်ပတ်ဝန်းကျင်မှာ "သူက ပျော်တတ်တယ်နော်" ဆိုတဲ့ ပြောသံဆိုသံမျိုး တနေရာရာမှာ တကြိမ်မဟုတ်တကြိမ် ကြားဖူး ကြုံဖူးကြပေလိမ့်မယ်။

ကိုယ်က ပျော်ပျော်နေတတ်သူလားဆိုတာ လူတိုင်းလိုလို ကိုယ့်ကိုယ်ကိုယ် သိကြမယ်ထင်တယ်။ အဲ့ဒီက တဆင့်တက်လိုက်တော့ သူများတွေပျော်အောင် လုပ်ပေးဖူးသူဆိုတာ ရှိလာပြန်တယ်။ သူများတွေ စိတ်ချမ်းသာအောင် လုပ်ပေးဖူးသူဆိုတာ ရှိလာပြန်တယ်။

ကိုယ်တိုင်ပျော်တတ်ပေမယ့် အားလုံးကို ပျော်အောင်လုပ်ပေးခဲ့ဖူးသူတွေ လူ့လောကမှာ များများစားစား ရှိပါရဲ့လား။

ငွေကြေးဥစ္စာဆိုတာကရော ပျော်ရွှင်မှု အပြည့်အဝ ပေးပါရဲ့လား။ ငွေရှိမှပြည့်စုံတယ် ဆိုတာကရော အခါခပ်သိမ်း မှန်သလား။ ဒီမေးခွန်းတွေကို သေခါနီးကျမှ သိလာတဲ့သူတွေ လူ့လောကမှာ တကယ်ရှိနေသလား။

တခါ လူ့တန်ဖိုးဆိုတာကို ဘယ်သူတွေက ဘယ်လို တိုင်းတာကြသလဲ၊ ကိုယ်ကိုယ်တိုင်ကရော ဘာနဲ့တိုင်းတာသလဲ။

ဒီမေးခွန်းတွေကို ၂၀၀၇ ခုနှစ်ထွက် The Bucket list ဆိုတဲ့  နိုင်ငံခြားဇာတ်ကားလေးက ဖြေဆိုပေးခဲ့တယ်လို့ လက်တို့ပြီးတော့ ပြောပြချင်ပါတယ်။

(ခ)

အသက် ၇၀ ကျော်အရွယ် မင်းသားကြီးနှစ်ယောက်တည်းနဲ့ ဇာတ်ကိုတည်ပြီး ပရိသတ်ကို သယ်သွားခဲ့တဲ့ ဇာတ်ကားကောင်းလေးတခု ဖြစ်ပါတယ်။ JACK NICHOLSON နဲ့ MORGAN FREEMAN တို့ နှစ်ဦးတည်းနဲ့ တဇာတ်လုံးပြီးသွားပေမယ့် တဇာတ်လုံး မပျင်းအောင် ကြည့်ရတဲ့ ဇာတ်ကားပါ။

ကားဝပ်ရှော့စက်ပြင်ဆရာ ကတ်တာ (MORGAN FREEMAN) ဆိုသူဟာ ဇနီးသည်နဲ့ သားသမီးသုံးယောက်ရှိတဲ့ အိမ်ထောင်ဦးစီးတဦးဖြစ်ပြီး သူဖြစ်ချင်တာက သမိုင်းပညာရှင်။ စာဖတ်နာပြီး အမှတ်အသားလည်း အင်မတန်ကောင်းသူတဦး။

ဇာတ်စဖွင့်လိုက်ကတည်းက ကတ်တာဟာ ဖုန်းကတဆင့်ဝင်လာတဲ့ သတင်းဆိုးတခုနဲ့ ငိုင်ကျသွားတယ်။

အဓိကဇာတ်ကောင်တဦးဖြစ်တဲ့ အက်တ်ဝေါ့ (JACK NICHOLSON) ဆိုသူကျ ကိုးလ်အဖွဲ့အစည်းပိုင်ရှင် သူဌေးကြီး၊ သူ့လုပ်ငန်းစုအောက်မှာ ပုဂ္ဂလိကဆေးရုံတွေ အမြောက်အမြားရှိပြီး ဆေးရုံအခန်းတခုမှာ လူနာနှစ်ယောက်ထားရမယ်ဆိုတဲ့မူ ချထားသူ၊ အဲ့ဒါတွေကြောင့်ပဲ ခုံရုံးတခုရောက်ပြီး ပြဿနာဖြေရှင်းနေရသူ။

အက်တ်ဝေါ့ဟာ ရုံးတော်မှာ ထုချေရင်း ပါးစပ်ထဲက သွေးအန်ထွက်လာလို့ ဆေးရုံတန်းတင်လိုက်ရပါတယ်။ အဲ့ဒီမှာတင် စောစောက စက်ပြင်ဆရာ ကတ်တာနဲ့ အက်တ်ဝေါ့တို့နှစ်ဦး စတွေ့တော့တာပါပဲ။

(ဂ)

သူစိမ်းနှစ်ယောက်၊ တယောက်က စက်ပြင်ဆရာ၊ တယောက်က သူဌေး၊ ဆုံချင်တော့ သူဌေးချထားတဲ့ ဆေးရုံမူအရ တခန်းထဲမှာ နှစ်ယောက်ဆုံ။ နှစ်ယောက်စလုံးက ကင်ဆာသံသယလူနာတွေဖြစ်။

ခပ်အေးအေး စာအုပ်လေးဘာလေးဖတ်ပြီး နေတတ်တဲ့ ကားစက်ပြင်ဆရာ ကတ်တာနဲ့ ပူစပ်ပူလောင်နိုင်နိုင်နေတတ်တဲ့ သူဌေး အက်တ်ဝေါ့ စရိုက်မတူသူနှစ်ဦး။ အခန်းတခုထဲမှာ အတူတူ ဆေးကုသမှု ခံယူနေတုန်း တဦးနဲ့တဦး အပြန်အလှန် အားပေးရင်း ရင်းနှီးစပြုလာ။

ဖြစ်ချင်တော့ သူတို့နှစ်ဦးစလုံးမှာ ကင်ဆာဖြစ်နေပြီး လူ့ဘဝထဲ  ခြောက်လ တနှစ်ပဲ  နေရတော့မယ် ဆိုတာကိုလည်း တရက်တည်း သိလိုက်ရတယ်။ အဲ့ဒီလို မသိကြသေးခင်လေးမှာ ကတ်တာဟာ စာရွက်တခုမှာ စာရေးနေတာတွေ့ရ၊ သူဟာ ကင်ဆာနဲ့ ခြောက်လတနှစ်ပဲ နေရတော့မယ်ဆိုတာ သိလိုက်ချိန်မှာတော့ အဲ့ဒီစာရွက်ကို သူ ဆုပ်ချေပစ်လိုက်ပါတယ်။

နောက်တနေ့မနက် မိုးလင်းတော့ သူဌေး အက်တ်ဝေါ့ဟာ ကြမ်းပြင်ပေါ်ရောက်နေတဲ့ လုံးချေထားတဲ့စာရွက်ကို သူ့တပည့်ကောက်ပြီး လွှင့်ပစ်မလို့ လုပ်တုန်း တောင်းယူပြီး ဖတ်ကြည့်မိတယ်။

စာရွက်ထိပ်မှာ ရေးထားတဲ့ ခေါင်းစဉ်က ဇာတ်ကားနာမည်ဖြစ်တဲ့ The Bucket list။

သူဌေး အက်တ်ဝေါ့ ဖတ်နေတုန်း အိပ်ရာကနိုးလာတဲ့ ကတ်တာ တွေ့သွားပြီး သူ့စာရွက်ပြန်ပေးဖို့ တောင်းတယ်။ ဟိုတယောက်ကလည်း သူ ကြမ်းပြင်ပေါ်က ကောက်တွေ့လို့ ဖတ်တာလေဆိုပြီး ပြန်မပေးဘဲ ဘာတွေရေးထားတာလဲဆိုပြီး စပ်စုတယ်။

ကတ်တာက သူ လုပ်ချင်တာလေးတွေ စာရင်းရေးကြည့်ထားတာလို့ ပြောပြီး အခုတော့ ဒါတွေက အလကားဖြစ်သွားပါပြီလို့လည်း ပြောတယ်။

စာရွက်ပေါ်မှာ ကတ်တာ ရေးထားတာတွေက သူစိမ်းတွေကို ကောင်းမှုကုသိုလ်ရအောင် ကူညီချင်တယ်၊ ခမ်းနားလှပတဲ့ နေရာတွေနဲ့ ကြုံဖူးချင်တယ်၊ လူမည်းသမ္မတ ပထမဆုံး ဖြစ်ချင်တယ်။

ဒီမှာတင် သူဌေးအက်တ်ဝေါ့က မပြောမဆိုနဲ့ အဲ့ဒီစာရွက်ပေါ်မှာ သူလုပ်ချင်တာတွေ ထပ်ဖြည့်ရေးလိုက်တယ်။ သူက လေပေါ်ကနေ ဒိုင်ဗင်ထိုးချချင်တယ်၊ တက်တူးထိုးချင်တယ်၊ ကမ္ဘာပေါ်က အချောဆုံးကောင်မလေးကို နမ်းချင်တယ်။

ပြီးတော့ ကတ်တာကိုလည်း စည်းရုံးလိုက်သေးတယ်။ သူတို့နှစ်ဦး မသေခင်စပ်ကြား ဒီလို လုပ်ချင်တာတွေ လုပ်ကြရအောင်။

ငွေကြေးအတွက်လည်း မပူနဲ့၊ သူ့မှာ အပေါဆုံးက ပိုက်ဆံပဲ။ ဒီလိုနဲ့ သူတို့နှစ်ဦး စာရွက်ပေါ်မှာ ရေးထားတဲ့ နှစ်ဦးသား လုပ်ချင်တဲ့အရာတွေ စလုပ်ကြတော့တာပါပဲ။

(ဃ)

အသက် ၁၆ နှစ်ကတည်းက ပိုက်ဆံရှာခဲ့၊ အိမ်ထောင်သုံးလေးဆက် ရှိခဲ့ပေမယ့် အိမ်ထောင်ရေး မတည်မြဲခဲ့၊ သူ့ဘဝမှာ သူနဲ့ သူ့အလုပ်ပဲရှိခဲ့တဲ့ သူဌေးအက်တ်ဝေါ့နဲ့ မိသားစုအတွက် ၄၅ နှစ်လုံးလုံး ကြုံရာကျပမ်း လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ ကတ်တာတို့နှစ်ဦးသား စာရွက်ထဲရေးထားတဲ့ အလုပ်တွေကို လေယာဉ်တစင်းနဲ့ လျှောက်လုပ်ပါတယ်။

လေယာဉ်ပေါ်က ဒိုင်ဗင်ထိုးချတယ်၊ တက်တူးထိုးတယ်၊ အိန္ဒိယက ကြီးကျယ်ခမ်းနားတဲ့ တပ်ဂ်ျမဟာအဆောက်အဦ သွားတယ်။ တရုတ်က မဟာရံတံတိုင်းပေါ်မှာ ဆိုင်ကယ်စီးတယ်၊ ဟောင်ကောင်သွားပြီး အပျော်ရှာတယ်၊ ရေခဲတောင်လည်းတက်တယ်၊ အီဂျစ်က ပိရမစ်တွေပေါ်တက်ပြီး နေဝင်ချိန်အလှ ကြည့်ကြတယ်။

ဒီလို သွားလာလည်ပတ်ရင်း သူတို့နှစ်ဦးသား ပိုပြီး ခင်မင်ရင်းနှီးလာကြပြီး တယောက်အကြောင်းတယောက် ပိုသိလာကြတယ်။

သူဌေးအက်တ်ဝေါ့မှာ အရွယ်ရောက်နေတဲ့ သမီးတယောက်ရှိပေမယ့် သားအဖနှစ်ယောက်ကြား ပြဿနာတခုကြောင့် အဆက်အသွယ်မရှိကြဘူး ဆိုတာကိုလည်း ကတ်တာ သိလိုက်ရတယ်။

သူတို့ ခရီးဆုံးခါနီးတော့ ကတ်တာက သူဌေးအက်တ်ဝေါ့ကို မေးခွန်းတခု မေးတယ်။ မင်း ပျော်တတ်လားတဲ့။ အက်တ်ဝေါ့က အင်း ပျော်တတ်တယ်၊ ပျော်ဖူးတယ်လို့ ဖြေတယ်။ ကတ်တာက ထပ်မေးတယ်။ သူများတွေပျော်အောင်၊ စိတ်ချမ်းသာအောင်ရော လုပ်ဖူးလား။

သူဌေးအက်တ်ဝေါ့ ငိုင်ကျသွားတယ်။

ခရီးဆုံးလို့ သူတို့ မြို့ပြန်ရောက်တော့ ကတ်တာက အက်တ်ဝေါ့ကို သူ့သမီးနဲ့ တွေ့ဖို့ဆိုပြီး သူ့သမီးအိမ်ရှေ့ ကားထိုးရပ်စေတယ်။ အက်တ်ဝေါ့က သူ့ကို ဒီလို ဇွတ်အတင်း လုပ်ခိုင်းတာကို ဒေါပွပြီး ကတ်တာကိုလည်း အကြီးအကျယ် စိတ်ဆိုးသွားပါတယ်။

(င)

ကင်ဆာရောဂါနဲ့ ဆုံးခါနီး အဖိုးကြီးနှစ်ယောက် ဘာဆက်ဖြစ်ကြသလဲ ဆိုတာကိုတော့ ရုပ်ရှင်မှာ ရင်ခုန်စွာ ဆက်ကြည့်လိုက်ကြပါ။

အပစ်အခတ် အညှစ်အသတ်တွေ လုံးလုံးမပါသလို အသက်ကြီးကြီး အမျိုးသားသရုပ်ဆောင်ကြီးနှစ်ယောက်ရဲ့ အမူအရာတွေက သဘာဝကျလွန်းတယ်။ တွေးစရာတွေ တပုံကြီးပေးတဲ့ ဇာတ်ကားကောင်းလေးမို့ ရုပ်ရှင်ကြည့်ညွှန်း ညွှန်းလိုက်တယ်။

လူတယောက်ရဲ့ ဘဝတန်ဖိုးကို သူဆုံးတဲ့အခါ ကျန်ရစ်သူတွေက တန်ဖိုးတခုနဲ့ တိုင်းတာကြတယ်။ တချို့က ယုံကြည်မှုနဲ့ တိုင်းတာတယ်။ တချို့က ချစ်ခြင်းမေတ္တာနဲ့၊ တချို့ကလည်း ဘာတန်ဖိုးမှ မရှိတဲ့ ဘဝလို့ ဆိုကြတယ်။

ဒီရုပ်ရှင်ထဲက အဖိုးကြီးတယောက်ဖြစ်တဲ့ ကတ်တာကတော့ ကိုယ်ကိုယ်တိုင်ပဲ တိုင်းတာရမယ်လို့ အဖြေထုတ်ထားပါတယ်။

ကိုလေအိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013