
ဝန်ကြီးတချို့တိုင်ကြားခံရတာဟာ အန်အယ်လ်ဒီပါတီဝင်အချင်းအချင်း နားလည်မှုလွဲပြီး တိုင်ကြားတာကြောင့် ဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာ စိစစ်ရေးဌာနက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အချိန် ၁ နှစ်ခွဲကာလအတွင်းမှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေနဲ့ ၀န်ကြီးတချို့တိုင်ကြားခံခဲ့ရတဲ့ တိုင်စာပေါင်း ၂၀၀ ကျော်ရှိခဲ့တယ်လို့ အန်အယ်လ်ဒီပါတီလွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစိစစ်ရေးဌာနက ဆိုပါတယ်။
အဲဒီထဲကမှ ၀န်ကြီးတချို့ တိုင်ကြားမှုဟာ အန်အယ်လ်ဒီပါတီဝင်အချင်းအချင်း နားလည်မှုလွဲပြီး တိုင်ကြားခံရတာလို့ ပါတီလွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာစိစစ်ရေးဌာန ဥက္ကဋ္ဌက ပြောပါတယ်။
“အများအားဖြင့်ကတော့ ကျနော်ပြောရရင် အချင်းချင်းနားလည်မှုလွဲကြတာပေါ့။ အလုပ် အမှုဆောင်အဖွဲ့နဲ့ ၀န်ကြီးနဲ့ အဲလိုဖြစ်တာများတယ်။ ဘာလို့လဲဆိုတော့ ၀န်ကြီးဆိုတာ အလုပ်က များတယ်။ ဒါပေမယ့် ကျနော်တို့ပါတီစည်ကမ်းချက်အရ အစည်းအဝေးပုံမှန်တက်ရမယ်။ မြို့နယ်အစည်းအဝေးတွေ ပုံမှန်တက်ရမယ်ဆိုတာ သူတို့မတက်နိုင်ဘူး။ မြို့နယ်ကိုလာတဲ့ အခါမှာ အလုပ်အမှုဆောင်တွေကို ၀င်ရောက်တွေ့ဆုံခြင်း ညှိနှိုင်းခြင်းမရှိဘဲ လုပ်ငန်းတွေ လုပ်တယ်။ အဲဒါကြောင့်တိုင်တာများတယ်”လို့ ပါတီလွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာ စိစစ်ရေးဌာန ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
လက်ရှိအချိန်မှာ ၀န်ကြီးချုပ်အဆင့်အပါအ၀င် ၀န်ကြီးတချို့ကိုတိုင်ကြားထားတဲ့ အမှု တချို့ကို တရားလွှတ်တော်ရှေ့နေ ၃ ဦးပါဝင်တဲ့ ပါတီလွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာ စိစစ်ရေးဌာနက စိစစ်နေပါတယ်။
တိုင်ကြားမှုတွေကို ပါတီကချမှတ်ထားတဲ့ စည်းမျဉ်းနဲ့အညီ စိစစ်နေပြီး အဆင့်လိုက်အရေးယူမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ = ပြည့်ဘုန်းအောင်











