DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများအား တရားစွဲသည့်ကုမ္ပဏီကို ဒေသခံထောင်ချီ ဆန္ဒပြ
DVB
·
September 24, 2017
လွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများအား တရားစွဲသည့်ကုမ္ပဏီကို ဒေသခံထောင်ချီ ဆန္ဒပြ
1 / 5
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ဌာနဆိုင်ရာတာဝန်ရှိသူ ၇ ဦးအား တရားစွဲဆိုထားတဲ့ ကုမ္ပဏီကို လူအင်အား ၂ ထောင်ကျော်နဲ့  ဒီကနေ့ ညောင်တုန်းမြို့မှာ ဆန္ဒပြခဲ့ပါတယ်။

ဖြစ်စဉ်မှာ ညောင်တုန်းမြို့နယ် သဇင်ရေကျော် ကျေးရွာအုပ်စုမှာ ပင်လုံရတနာ ကုမ္ပဏီဟာ လုပ်ပိုင်ခွင့်ရထားတဲ့ မြေထက် ဒေသခံရေလုပ်သားတွေရဲ့မြေဧက ၁၀၀ ကျော် ပိုယူထားတယ်လို့ တိုင်ကြားခဲ့တဲ့အပေါ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ညောင်တုန်းမြို့နယ် ကိုယ်စားလှယ် ဦးကျော်ဆန်းနဲ့ ဒေါ်နီနီမိုးအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးသန့်ဇော်ဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးကျော်လွင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးအောင်ဇော်ဝင်း၊ မြို့နယ်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးသန်းဝင်း သဇင်ရေကျော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှစိန်တို့ ပါဝင်တဲ့ ညောင်တုန်းမြို့နယ် သိမ်ဆည်းခံလယ်ယာမြေများနဲ့ အခြားမြေ များစိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးပြီး တိုင်ကြားချက် မှန်ကန်တဲ့အတွက် ဒေသခံတွေကို ပြန်လည်ချထားပေးခဲ့တာပါ။ ဒီအပေါ်  ကုမ္ပဏီကုမ္ပဏီဘက်က နစ်နာခဲ့တယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးပါအ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူ ၇ ဦးကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုထားတဲ့ ပင်လုံရတနာကုမ္ပဏီကို ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ၊ သာပေါင်းမြို့တွေက ဒေသခံပြည်သူက ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးစိုးမိုးအောင်က ပြောပါတယ်။

“ကုမ္ပဏီအနေနဲ့ ဌာနဆိုင်ရာတွေရဲ့ တာဝန်အရ ဆောင်ရွက်မှုကို အခုတရားစွဲဆိုထားတာဟာ ဥပဒေနဲ့မညီသလို ဒေသခံတွေရဲ့ အကျိုးအတွက် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအတွက် ဆန္ဒထုတ်ဖော်တာဖြစ်တယ်” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေကတော့ ပင်လုံရတနာကုမ္ပဏီ ညောင်တုန်းမြို့နယ်ကနေ ဖျက်သိမ်းပေးဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျန်းမာပါစေနဲ့ ဌာနဆိုင်ရာတွေကို တရားစွဲဆိုထားတာ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပင်လုံရတနာကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးမြင့်သန်းကတော့ ဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အရင်အစိုးရရဲ့ဆောင်ရွက်ထားတာကို မလိုက်နာဘဲ ဥပဒေကိုကျော်လွန်ပြီး ကုမ္ပဏီကို အင်အားနဲ့ဖိနှိပ်တဲ့အတွက် အမှန်တရား ပေါ်ပေါက်ဖို့ တရားစွဲတာဖြစ်တယ်လို့ ဆိုပါတယ်။

ဌာနဆိုင်ရာတွေကတော့ ကုမ္ပဏီကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုထားပြီး ကွင်းဆင်း စစ်ဆေးတဲ့အခါမှာလည်း ကုမ္ပဏီကအသုံးပြုနေတဲ့ မြေဧကတွေ လွဲမှားမှုရှိနေတာ တွေ့ရတယ်လို့ ညောင်တုန်း မြို့နယ်အုပ်ချုပ်ရေးမှူး သန့်ဇော်ဦးက ပြောပါတယ်။

သတင်း - သော်ဇင်မျိုး၊ မြမင်းဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013