DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း တိုင်းရုံးနှင့် စာကြည့်တိုက် မုံရွာမြို့၌ ဖွင့်လှစ်
DVB
·
September 24, 2017
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း တိုင်းရုံးနှင့် စာကြည့်တိုက် မုံရွာမြို့၌ ဖွင့်လှစ်
Donate to DVB

မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း (စစ်ကိုင်းတိုင်းဒေသကြီး) ရုံးခန်းနဲ့ အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်းက လှူဒါန်းတဲ့ စာအုပ်တွေနဲ့ စာကြည့်တိုက်ဖွင့်ပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့၊ ကျောက္ကာလမ်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းတရားသူကြီးချုပ်၊ ဥပဒေချုပ်၊ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းက တာဝန်ရှိသူတွေ၊ အပြည်ပြည် ဆိုင်ရာရှေ့နေအသင်းကတာဝန်ရှိသူတွေ၊ ရှေ့နေတွေတက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမှာစကားပြောကြားခဲ့ကြပါတယ်။

ဒီရုံးခန်းကို စစ်ကိုင်းတိုင်းအတွင်းက ရှေ့နေတွေ ညီညီညွတ်ညွတ်နဲ့ မှန်ကန်တဲ့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးတွေမှာ အထောက်အကူပြုနိုင်ရန်၊ ရှေ့နေအချင်းချင်း အသိပညာဖလှယ်နိုင်စေရန်၊ ရှေ့နေနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ တိုးပွားလာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

လွတ်လပ်သောရှေ့နေများအသင်း (စစ်ကိုင်းတိုင်း)မှာ အဖွဲ့ဝင်ရှေ့နေ ၃၀၀ ဝန်းကျင်ရှိပြီး တစ်တိုင်းလုံးမှာ ရှေ့နေဦးရေ ၁၅၀၀ နှင့် ၂၀၀၀ကြား ရှိမယ်လို့ခန့်မှန်းထားပါတယ်။ စာကြည့်တိုက်မှာ ရှားပါးစာအုပ်တွေအပါအဝင် ဥပဒေရေးရာနဲ့ပတ်သက်တဲ့ စာအုပ်ပေါင်း ၂၄၅ အုပ်ရှိပြီး ဥပဒေကျောင်းသားတွေ၊ ဥပဒေအကြောင်းကို စိတ်ဝင်စားသူတွေ၊ ရှေ့နေတွေ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်တယ်လို့ တိုင်းဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဦးငွေငြိမ်း ပြောပါတယ်။

ဒီလို ဥပဒေနဲ့ပတ်သက်တဲ့ စာကြည့်တိုက်ကို ဖွင့်ခြင်းအားဖြင့် ဥပဒေပညာပြန့်ပွားတဲ့ အခွင့်အလန်းတစ်ခုရလာမှာဖြစ်ပြီး စာကြည့်တိုက်ကို မုံရွာအပြင် အခြားတိုင်းနှင့် ပြည်နယ်တွေမှာလည်း ဖွင့်လှစ်နိုင်အောင် စီစဉ်နေတယ်လို့ဆိုပါတယ်။

မှန်ကန်တဲ့တရားစီရင်ရေးစနစ်၊ တရားဥပဒေစိုးမိုးရေးတွေအတွက် ရှေ့နေများအနေနဲ့ ဘားကောင်စီကထုတ်ထားတဲ့ ရှေ့နေရှေ့ရပ်များ ကျင့်ဝတ်သိက္ခာ၊ တာဝန်နှင့် အခွင့်အရေးများ ကိုလည်း ဖတ်ရှုလေ့လာကြဖို့လိုပြီး ဒါမှသာ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး လမ်းကြောင်း မှာ တထောင့်တနေရာကနေ ပါဝင်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ တိုင်းဥပဒေချုပ် ဦးခင်မောင်လှက အမှာစကားပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းအနေနဲ့ တရားဝင်မှတ်ပုံတင် ထားပြီး အဖွဲ့ဝင်တွေစုစည်းကာ အလျဉ်းသင့်သလို ရုံးခန်းတွေလည်း ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013