ဇနီးနှင့်ရန်ဖြစ်၍ အမျိုးသားဖြစ်သူ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ
DVB
·
September 24, 2017

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စက်တင်ဘာ၂၃ ရက် မနက် ၁၁နာရီ က အမျိုးသားတဦး ဇနီးဖြစ်သူနဲ့ ရန်ဖြစ်ပြီး မိမိကိုယ်ကို တံတားပေါ်မှ ခုန်ချသေကြောင်းကြံမှုတခု ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
ဖြစ်ပွားပုံမှာ တရားလိုဟာ နေအိမ်မှာရှိနေချိန် ရန်ကင်းတံတားမှာ လူတဦး မိမိကိုယ်ကို သေကြောင်းကြံစည် နေကြောင်းသိရလို့ သွားရောက် ကြည့်ရှုရာ ကျော်နိုင် ဆိုသူ ဖြစ်ကြောင်းသိရပြီး အမြင့် ၁၈ ပေ ရှိ တံတားပေါ်ကနေ အောက်ကို ခုန်ချတာကို တွေ့ရလို့ ရပ်မိရပ်ဖတွေနဲ့အတူ သွားရောက်ကြည့်ရှုရာ ယာဘက်ပါး ပွန်းပဲ့သွေးထွက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
သေကြောင်းကြံသူဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ဇနီးဖြစ်သူနဲ့ ရန်ဖြစ်ပြီး ဖားကန့်ကို အလုပ်သွားလုပ်မှာဖြစ်ပြီး စိတ်ပုံမှန်မဟုတ်သူလို့ သိရကြောင်း၊ သူ့ကို နေရပ်ပြန်ဖို့အတွက် ဘူတာလိုက်ပို့စဉ် ရုန်းကန်ထွက်ပြေးပြီး အနီးရှိကျောက်ခဲတုံးနဲ့ ကိုယ့်ခေါင်းကိုယ် ထုရိုက်လို့ ပေါက်ပြဲဒဏ်ရာရှိခဲ့သလို အနီးမှာရှိတဲ့ဝါးချမ်းပြားနဲ့ ဒဏ်ရာကို ထပ်မံထိုးဆွနေလို့ ဝိုင်းဝန်းထိမ်းသိမ်းကာ မိုးညှင်းဆေးရုံ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။
ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်သူ ကျော်နိုင်ကို မိုးညှင်းမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၉ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
သတင်း-မုန်းမုန်းမင်း