DVB Logo
Home
မြန်မာသတင်း
ရိက္ခာဖြတ်တောက်ခံရတော့မည့် ဒုက္ခသည် ၆ ထောင်ကျော် အခက်ခဲကြုံတွေ့
DVB
·
September 23, 2017
ရိက္ခာဖြတ်တောက်ခံရတော့မည့် ဒုက္ခသည် ၆ ထောင်ကျော် အခက်ခဲကြုံတွေ့
Donate to DVB

ရှမ်းပြည်နယ်နဲ့ ထိုင်းနယ်စပ်တလျှောက်မှာ ရှိတဲ့ ဒုက္ခသည် ၆ ထောင်ကျော် ရိက္ခာအကူအညီတွေ ဖြတ်တောက်ခံရတော့မှာမို့ အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ၁၉၉၆ ခုနှစ်လောက်ကစလို့ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပြီး လက်ရှိမှာ လွယ်ကော်ဝန်း၊ လွယ်တိုင်းလျန်း၊ လွယ်လန်၊ ကောင်းမုန်မုန်း စတဲ့ စခန်း ၆ ခုလောက်မှာ နေထိုင်နေကြပြီး သူတို့ရဲ့ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ သျှမ်းပြည် ညီညွတ်ရေးကော်မတီရဲ့ မနေ့က ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

ပြောင်းရွှေ့ခဲ့ရသူတွေဟာ ဒုက္ခသည်အဖြစ် သတ်မှတ်မခံရတာကြောင့် ကုလသမဂ္ဂရဲ့ အကူအညီ အထောက်အပံ့တွေမရပဲ နိုင်ငံတကာနဲ့ ဥရောပ သမဂ္ဂက အဓိက ကူညီနေရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စားနပ်ရိက္ခာ ထောက်ပံ့တာကို တဖြည်းဖြည်း လျှော့ချလာရာကနေ လာမယ့် အောက်တိုဘာမှာ ထောက်ပံ့တာတွေကို လုံးဝ ဖြတ်တောက်မယ်လို့ စခန်းတွေကို အကြောင်းကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ ကုန်းကျော်စခန်းကော်မတီ ဥက္ကဋ္ဌ လုံးစိုင်းလျန်းက “ အခု စက်တင်ဘာအတွက် ရိက္ခာ ပေးပြီးပြီ။ နောက်လမှာ မရတော့ဘူး။ သူတို့မှာ ဘတ်ဂျက်မရှိတော့ဘူးလို့တော့ ပြောတယ်။ ကျွန်တော်တို့မှာ အပြင်ထွက်အလုပ်လုပ်ဖို့လည်း အကန့်အသတ်တွေ ရှိနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သူတို့ စခန်းက လူတွေဟာ မိုင်းတုံမြို့နယ်ထဲက ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကပဲ ထိုင်းနိုင်ငံထဲကို ပြောင်းရွှေ့လာရတာလို့ သူက ဆက်ပြောပါတယ်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းလိတ်က “လက်ရှိ အစိုးရအနေနဲ့လည်း  နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်တွေထက် ပြည်တွင်းကို ပိုပြီးကူညီဖို့ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့သော်လည်းကောင်း ညွှန်ကြားတဲ့ သဘောမှာ ရှိပါတယ်” လို့ ပြောပါတယ်။

သူတို့တွေ လုပ်ကိုင်စားသောက်နိုင်မယ့် လယ်ယာမြေတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းယူ ထားတဲ့အတွက်လည်း လတ်တလောမှာ ပြန်လာဖို့ မလွယ်ဘူးလို့ သူက ဆိုပါတယ်။

“စိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းတွေ မရှိတော့တဲ့ခါကျတော့ ဒီဘက်ကို ပြန်ဝင် လာရင် ပိုပြီးတော့ အခက်အခဲရှိမယ်။ ပြီးတော့ ပညာရေးလိုမျိုး လိုအပ်ချက်တွေကို အစိုးရ၊ လူမှု အဖွဲ့ အစည်းတွေက တာဝန်မခံပေးနိုင်ရင်လည်း လတ်တလောမှာ ပြန်လာဖို့ အခက်အခဲတွေ ရှိတယ်”  လို့ ဆက်ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ မူရင်းနေရာတွေကို မပြန်နိုင်သေးခင်မှာ လူသားချင်းစာနာတဲ့ အကူအညီတွေ ဆက်ပေးဖို့ နိုင်ငံတကာအလှူရှင်တွေကို သျှမ်းပြည်ညီညွတ်ရေးကော်မတီက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013