DVB Logo
Home
မြန်မာသတင်း
မူးယစ်မှုဖြင့် ဖမ်းဆီးထားသည့် ခွန်မင်းဦးဆိုသူ PNLO အဖွဲ့ဝင် မဟုတ်ကြောင်း ငြင်းဆို
DVB
·
September 22, 2017
မူးယစ်မှုဖြင့် ဖမ်းဆီးထားသည့် ခွန်မင်းဦးဆိုသူ PNLO အဖွဲ့ဝင် မဟုတ်ကြောင်း ငြင်းဆို
Donate to DVB

ရန်ကုန်မြို့ အင်းစိန်ကတည်းခိုခန်းတခုမှာ မူးယစ်မှု၊ လက်နက်မှုတွေနဲ့ဖမ်းခံရတဲ့ ခွန်မင်းဦး ဆိုသူဟာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ပတ်သက်မှုမရှိဘူးလို့ PNLO က ကြေညာပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ည ၁၀ နာရီကျော်လောက်က စော်ဘွားကြီးကုန်း ရပ်ကွက်၊ လေဆိပ်ရိပ်သာလမ်းသွယ်(၁)လမ်း၊ AIRPORT INN တည်းခိုခန်းကို သတင်းအရ ရဲက ၀င်ရောက်ရှာဖွေရာမှာ ခွန်မင်းဦး(ခ)ခွန်လင်းဦးဆိုသူကို မူးယစ်ဆေးဝါး၊ လက်နက်အချို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ချုပ်က “ခွန်မင်းဦး ဆိုသူသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တပ်ဖွဲ့ဝင်တဦး (သို့မဟုတ်) အဖွဲ့ဝင်တဦးလုံးဝမဟုတ်ခဲ့ပါ၊ PLNO ၏ လုံခြုံရေးနှင့်သယ်ယူပို့ဆောင်ရေးတာဝန်ခံ ဖြစ်သည်ဟု ထွက်ဆိုခြင်းမှာ လုံးဝမှန်ကန်မှုမရှိပဲ PNLO အား ခုတုံးလုပ် အသုံးချခြင်းသာဖြစ်သည်” လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် PNLO ရဲ့ လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေး တာဝန်ခံဖြစ်တယ်လို့ တဖက်သတ်မှတ်ယူပြီး သတင်းထုတ်ပြန်ခြင်းဟာ အန်စီအေ အကောင်အထည်ဖော်မှုနဲ့တူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တရပ်လုံးမှာ အစိုးရတပ်မတော်နဲ့ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်နေတဲ့ PNLO ရဲ့ ဂုဏ်သိက္ခာကို  ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။

မူးယစ်ဆေးဝါး လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံထားရတဲ့ ခွန်မင်းဦးဟာ PNLO နဲ့ လုံးဝပတ်သက်မှု မရှိကြောင်းနဲ့ သူကျူးလွန်တဲ့ ပြစ်မှုတွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့လည်း PNLO က ပြောပါတယ်။

စိတ်ကြွမူးယစ်ဆေးပြားအချို့၊ Ice အချို့၊ ပစ္စတိုတလက်၊ ကျည်ဆန်၊ လက်ပစ်ဗုံးနဲ့တူ ဖမ်းဆီးရမိထားတဲ့ ခွန်မင်းဦးကို အင်းစိန်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၂ (ခ) နဲ့အမှုဖွင့်အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013