DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးသေဆုံးမှု စစ်ခုံရုံးတွင် တပ်ရင်းမှူး ၀န်ခံထွက်ဆို
DVB
·
September 22, 2017
ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးသေဆုံးမှု စစ်ခုံရုံးတွင် တပ်ရင်းမှူး ၀န်ခံထွက်ဆို
Donate to DVB

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ရွာ ကယ်ဆယ်ရေးစခန်းက ဒုက္ခသည် ၃ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး မန်စီမြို့အခြေစိုက် ခမရ ၃၁၉ စစ်ခုံရုံးမှာ တပ်ရင်းမှူးနဲ့ အခြားအရာရှိ ၃ ဦး၊ တပ်သား ၂ ဦး စုစုပေါင်း ၆ဦးကို စစ်ဆေးခဲ့ရာမှာ အားလုံးက အပြစ်ကျူးလွန်ကြောင်း ၀န်ခံခဲ့ကြပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ခမရ ၃၁၉က တပ်မတော်အရာရှိ ၃ ဦးနဲ့ တပ်သား ၂ ဦးကို လူသတ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားသလို တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာဦးကိုလည်း အားပေးကူညီမှုပုဒ်မ ၃၄ နဲ့ ရဲက မန်စီရဲစခန်းမှာ အမှုဖွင့်ထားခဲ့တာပါ။

အမှုဖွင့်ခံရသူတွေဟာ တပ်မတော်သားဖြစ်တဲ့အတွက် တပ်မတော်စစ်ခုံရုံးမှာ စစ်ဆေးရာ မှာ အားလုံးကအမှုကျူးလွန်ကြောင်း ၀န်ခံခဲ့တယ်လို့    မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လွင်ဦးက ပြောပါတယ်။

“သူတို့ထွက်ဆိုချက်တွေကတော့ အရာရှိစစ်သည် ၃ ဦးနဲ့ တပ်သား ၂ ဦးကတော့ အမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထွက်ဆိုတယ်လို့ သိရပါတယ်။ တပ်ရင်းမှူး ကတော့ အားပေးကူညီမှုပေါ့။ ”

ဒီအမှုနဲ့ပတ်သက်ပြီး မန်စီအခြေစိုက် ခမရ ၃၁၉ က စစ်ခုံရုံးမှာ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၈ ရက်တွေမှာစစ်ဆေးခဲ့ပြီး ဒီဝန်ခံထွက်ဆိုချက်နဲ့ပတ်သက်ပြီး အထက် ကကကြည်းကို တင်ထားပြီး အဲဒီကအတည်ပြုချက်ရရင်တော့ စီရင်ချက်အမိန့်ကို တရားဝင်ထုတ်ပြန်မယ်လို့လည်း ရဲမှူး ဇော်လွင်ဦးက ပြောပါတယ်။

ပထမရဲစစ်ဆေးမှုမှာ တပ်ရင်းမှူးက အမှုမှာပါဝင်ခြင်းမရှိကြောင်းငြင်းဆိုခဲ့ပေမယ့် နောက်တရက်စစ်ဆေးမှုမှာတော့ ၀န်ခံခဲ့တာလို့ အမှုကိုသွားရောက်နားထောင်ခဲ့ မိုင်းခေါင်စစ်ရှောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးတမော်နော်မိုင်က ပြောပါတယ်။

“၀န်ခံတယ်ဆိုတာကတော့ သူ့ကို လူသတ်မှုကိုအားပေးမှုနဲ့ သူ့ကို တရားစွဲထား တယ်လေ။ အစကသူမဟုတ်ဘူး ကျနော်မပြောဘူးဆိုတဲ့ဟာနဲ့ ပြန်ပြီးမှ ချေပတာပေါ့။ အဲဒါ စစ်ခုံရုံးကနေပြီး သူ့ကိုဒီဟာပြန်ပေါ်အောင် သူပြောတဲ့နေရမှာရှိနေတဲ့ ဗိုလ်ကြီးတွေနဲ့ ပြီးတော့ သတ်သွားတဲ့ဟာမှာ ပါတဲ့ ၅ ယောက်နဲ့ အသတ်ခံရမိသားစုရယ်၊ ကျနော်တို့ ကေဘီစီ စခန်းတာဝန်ခံ၊ အာစီစခန်း တာဝန်ခံရယ် ကြေးနန်းကို လက်ခံတဲ့စာကို ဗိုလ်မှူးကို စစ်ခဲ့တဲ့အခါ ကျတော့ သူကဘယ်လိုမှ ငြင်းလို့မရတဲ့အတွက်ကြောင့် သူက ပြန်လက်ခံလိုက်တဲ့ အကြောင်းဖြစ်ပါတယ်။   ”

မိုင်းခေါင်စစ်ရှောင် အိုင်ဒီပီစခန်းမှာ နေထိုင်တဲ့ ကချင်ဒုက္ခသည်ကိုမရန်ဘရန်ဆိုင်း (၂၂)နှစ်၊ ကိုအင်ခွမ်ဂမ်အောင် (၃၁) နှစ်နဲ့ ကိုလဗျနော်ခွမ်  (၂၇) နှစ်တို့ဟာ မေ ၂၅ ရက်က ခါပန်ကျေးရွာမှာ နေ့စားအလုပ်အပြီး အပြန်မှာ တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီးမေလ ၂၈ ရက်နေ့မှာ ဒေသခံတွေက အလောင်းတွေ ပြန်လည်တူးဖော်နိုင်ခဲ့တာပါ။

အလောင်းကိုပြန်ဖော်ကာ မန်စီဆေးရုံကို ပို့ဆောင် စစ်ဆေးခဲ့ပြီးနောက် မန်စီရဲခစန်းမှာပဲ အမှုဖွင့်ခဲ့ရာ စစ်တပ်ပိုင်အရေးဖြစ်တာကြောင့် စစ်ခုံရုံးမှာအမှုစစ်ဆေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013