DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးတွင် တဆိတ်​ကိုတအိတ်လုပ်၍ ပြဿနာရှာသူများကို သတိထားရန် ကာချုပ်ပြော
DVB
·
September 22, 2017
ရခိုင်အရေးတွင် တဆိတ်​ကိုတအိတ်လုပ်၍ ပြဿနာရှာသူများကို သတိထားရန် ကာချုပ်ပြော
Donate to DVB

မောင်တောဒေသဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပကသူတွေ တဆိတ်ကို တအိတ်လုပ်ပြီး ပြဿနာရှာဖို့ အဆင်သင့်ရှိနေတာကို သတိထားရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဒေသခံ ပြည်သူတွေ ထောက်ပံ့ပစ္စည်း ပေးအပ်တာတွေနဲ့ နယ်စပ်ခြံစည်းရိုး ကာရံဖို့အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

“နယ်မြေဒေသ မတည်ငြိမ်ဘူးဆိုရင် တည်ငြိမ်ဖို့ တပ်တွေထည့်ပေးမယ်။ ကျနော်တို့ တပ်တွေထည့်တယ်ဆိုတာ ဒီလို ထည့်ချင်တိုင်းထည့်လို့မရဘူး။ ကျနော်တို့အပေါ် မျက်စိဒေါက်ထောက်ပြီး ကြည့်နေတဲ့ ပြဿနာရှာဖို့ လုပ်တဲ့သူတွေ အများကြီးရှိတယ်။ သူတို့ပြဿနာ မရှာနိုင်အောင်လည်း ကျနော်တို့က ဥပဒေနဲ့အညီ ပိုပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ရတယ်။ တဆိတ်ကို တအိတ်ဖြစ်အောင် လုပ်တဲ့သူတွေက အဆင်သင့်ရှိနေတယ်။ ဒါတွေကိုလည်း ကျနော်တို့ သတိထားရမယ်။ ကိုယ့်အချင်းချင်းလည်း ပြဿနာရှာဖို့ ကြိုးစားနေသူတွေလည်းရှိတယ်။ ပြည်ပကသူတွေကလည်း ကျနော်တို့ကို ပြဿနာရှာဖို့ ကြိုးစားနေသူတွေလည်း ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ပိုပြီး သတိထားလုပ်ရတဲ့ အခြေအနေလည်း ရှိပါတယ်။”

မောင်တောနဲ့ ဘူးသီးတောဒေသအတွင်း နယ်မြေတည်ငြိမ်ရေး လုပ်ဆောင်နေမှုအပေါ် တပ်မတော်နဲ့အတူ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဖို့ လိုတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ဒါ့အပြင် နေရပ်ကို စွန့်ခွာလာတဲ့ တိုင်းရင်းသားတွေ မိမိနေရပ်ကို ပြန်ပြီး သွားကြဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။

“တိုင်းရင်းသားရွာတွေ ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်လို့ မရှိမနေလုပ်ရဖို့ကိစ္စက ဘာလဲဆိုတော့ နေရပ်စွန့်ခွာလာတဲ့ တိုင်းရင်းသားတွေကို မဖြစ်မနေ မိမိဒေသကို ပြန်ပြီးတော့ သွားရောက်ဖို့ လိုပါတယ်။ မနက်ကတည်းက မောင်တောမှာ ကျနော် ဒါတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပါတယ်။ အဓိကတော့ ကိုယ့်နယ်မြေထဲမှာ ကျနော်တို့လူတွေ ရှိနေဖို့ပါပဲ။ အဓိကအချက် အရေးကြီးပါတယ်။ ကျနော်တို့နယ်မြေကို ကျနော်တို့ တိုင်းရင်းသားတွေ ထိန်းချုပ်နိုင်တာမျိုး ဖြစ်ဖို့လိုပါတယ်။ ကျနော်တို့ တိုင်းရင်းသားမရှိဘဲ ဘာမှလုပ်ပေးလို့ မရဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ တိုင်းရင်းဒေသအမှန်ပဲ ဖြစ်ပါတယ်။”

စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်တွေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် အပါအဝင် အလှူရှင်တွေနဲ့ ဒေသခံ ၆၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အပါအဝင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ သူတွေကို ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013