DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ ရခိုင်လူမျိုးများက နေရပ်စွန့်ခွာထွက်ပြေးသူများကို ကျပ်သိန်း ၈၅၀ လှူဒါန်း
DVB
·
September 22, 2017
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းက ရခိုင် တိုင်းရင်းသားကျေးရွာတွေမှာ နေထိုင်နေကြသူတွေက ငွေကျပ်သိန်း ၈၅၀ နီးပါး ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

အလှူငွေတွေကို ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးတင်စော၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးသိန်းရွှေ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွန့်ဖေ စတဲ့ ရခိုင်လူမျိုးဌာနဆိုင်ရာ အကြီးအကဲတွေက ဦးဆောင်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

ကျေးရွာတွေမှာ ကော်မတီတွေ ဖွဲ့စည်းပေးပြီး စက်တင်ဘာလဆန်းပိုင်းကတည်းက လိုက်လံကောက်ခံခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့ကစတင်ပြီး ရခိုင်ပြည်နယ်မှာ လှူဒါန်းနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦတင်စောက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောက “အလှူခံတော့ အများဆုံး ထည့်ဝင်တာက သိန်း ၄၀ ကျော်အထိ ပါတယ်။ ဥပမာ သိန်း ၄၀ ကျော်၊ ၅၀၊ နောက် မပါနိုင်တဲ့လူတွေက သိန်း ၂၀ ကျော်၊ အဲဒီလို ရွာတိုင်း ရွာတိုင်းက လာပြီး သူတို့ တရွာချင်းစီပေါ့။ အခြား လက်လှမ်းမမီတဲ့ ရွာတွေကလည်း ထည့်ဝင်ပါတယ်။ တချို့နေရာက ဘုန်းကြီးတွေ သိန်း ၃၀ ကျော်၊ ၄၀ ကျော် အဲဒီလို ထည့်ကြတယ်ပေါ့။ ဥပမာ မြောင်းမြလို နေရာကလည်း သိန်း ၃၀၊ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ဆရာတော်များ သြဝါဒခံယူပွဲ သွားတဲ့အခါမှာ ဆရာတော်များ စုပေါင်းကောက်ခံလှူဒါန်းငွေက ၃၇ သိန်း ရပါတယ်။ စာရင်းတိတိကျကျကတော့ အခု ထွက်ခွာသွားတဲ့လူတွေကို ထည့်ပေးလိုက်တယ်။ ဘဏ်မှာ တိတိကျကျအပ်ထားငွေနဲ့ ဒီကနေ စာရင်းနဲ့ တိတိကျကျ ကိုက်၊ မကိုက်ပေါ့။ ၁၄ ရက်နေ့ နောက်ဆုံးပိတ်လိုက်တဲ့အချိန်မှာ  ကျပ်သိန်း ၈၂၀ ကျော် ပါသွားတယ်။ နှစ်ဖွဲ့ခွဲပြီး လွှတ်လိုက်တာ။ ဦးအောင်မင်းနိုင်နဲ့ နောက်တယောက်က လေယာဉ်ပျံနဲ့ ထွက်သွားတယ်၊ နောက်လူတွေက ကားနဲ့ လိုက်သွားကြတယ်။ သူတို့ထွက်ပြီးမှာ အခုဒီမှာ နောက်ထပ် ဆရာတော်တပါး အပါအဝင် ကျေးရွာများက လှူဒါန်းငွေဆိုပြီး ၂၇ သိန်းကျော်လောက် ထပ်လာလှူပါတယ်။ စာရင်းအရ ကျပ်သိန်း ၈၅၀ ကတော့ တိတိကျကျ လှူနိုင်တယ်” လို့ ပြောပါတယ်။

အလှူငွေ ကောက်ခံမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပုသိမ်မြို့၊ ပစ္ဆိမာရုံဘုန်းကြီးကျောင်းမှာ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းအစုံနဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေက ကျောင်းထိုင်ဆရာတော် အပါး ၆၀ နီးပါး ကနဦး ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီလိုဆုံးဖြတ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးက မြို့တွေမှာ အလှူခံဌာနတွေ ဖွင့်လှစ်ကာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို လှူဒါန်းနိုင်ဖို့ အလှူခံခဲ့ပြီး အားလုံး တစုတစည်းတည်း သွားရောက်လှူဒါန်းခဲ့တာဖြစ်တယ်လို့ ပုသိမ်မြို့ ရွှေစည်းခုံစေတီတော် အလှူခံဌာနက တာဝန်ရှိသူ ဦးတင်ထွန်းက ပြောပါတယ်။

“ခေါက်ဆွဲခြောက်တို့၊ ခနောဆန်ပြုတ်တို့လိုဟာမျိုး၊ ဟိုရောက်ရင် လတ်တလော ကျိုပြီးသောက်နိုင်တယ်၊ လတ်တလော ရေနွေးစိမ်သောက်နိုင်တယ်။ ထမင်းကိုဆိုရင်လည်း ရေနွေးဆူရင် ကျက်တယ်ဆိုတာမျိုး ဒါတွေကို ဦးစားပေးပြီး များများလှူပေးပါလို့ ပြောလိုက်ပါတယ်။ တခြားအပိုဆာဒါးတွေအနေနဲ့ သူတို့အတွက် အသုံးတည့်မယ့် အဓိကပစ္စည်းတွေကို လှူပေးဖို့ မှာလိုက်တယ်။ အားလုံး အဆင်ပြေပါလိမ့်မယ်။ အခုက ဘာပြောပြော အရင်ထက်တော့ တည်ငြိမ်နေတယ်လို့ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သီးသန့်အနေနဲ့ အမြဲတမ်း ပတ်တယ်။ အခုတော့ တည်ငြိမ်နေပြီ။ တည်ငြိမ်နေတယ်ဆိုပေမယ့် စိတ်ချထားရတဲ့ အနေအထား မရှိဘူး။ တချိန်တုန်းကလည်း တည်ငြိမ်ပြီးရင် ၁နှစ်ကြာမှ အခုလို ပြဿနာမျိုး ထပ်ဖြစ်တယ်။ အခုလည်း တည်ငြိမ်ချင်ယောင်ဆောင်ပြီးရင်သော် လည်းကောင်း၊ တည်ငြိမ်နေတဲ့အနေအထားကနေ နောက်ပိုင်း ထပ်ပေါက်ကွဲရင် မပြောတတ်ဘူးပေါ့။ အခု နိုင်ငံတော်ကလည်း ဘော်ဒါလိုင်းတွေမှာ ရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ တံတိုင်းတွေကို အထူးကာရံပြီး လုပ်ဆောင်နိုင်မယ့် ငွေကြေး ဘီလီယံနဲ့ချီပြီး လုပ်ဆောင်မယ်ဆိုတော့ ဒါကလည်း တပိုင်းပေါ့။ တပ်မတော်ဘက်ကလည်း လူမျိုးရေးအပိုင်းတွေကို စိတ်ချရအောင် ကာကွယ်နေတယ်။ ရဲတွေကလည်း လုံခြုံရေးအပိုင်းတွေကို ထပ်တိုးချဲ့ပြီး ချထားတယ်ဆိုတော့ အရင်ထက်တော့ လုံခြုံရေးပိုင်း ရှိသွားပါလိမ့်မယ်။ အခု ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေကို အချို့နေရာဒေသတွေမှာ ပြန်တောင်ပို့နေပြီ။ အဲဒီမှာ လုံခြုံရေးစီမံချက်နဲ့ သေသေချာချာလေး ချထားပေးပါတယ်။ အရင်ထက်တော့ အများကြီး ငြိမ်းချမ်းသွားပါပြီ”လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ရခိုင်တိုင်းရင်းသား ၃ သိန်းနီးပါး နေထိုင်နေပြီး ပုသိမ်မြို့နယ်က ငွေဆောင်မြို့၊ ချောင်းသာမြို့၊ ရွှေသောင်ယံစတဲ့ မြို့တွေနားက ကျေးရွာတွေနဲ့ ငပုတောမြို့နယ်ထဲက ကျေးရွာတွေမှာ အများဆုံး နေထိုင်ကြတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013