DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ ကားကွင်း​ဟောင်း ​အ​​ဆောက်အဦများကို ​ဖြိုချရှင်းလင်း
DVB
·
September 22, 2017
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးအနီး အဝေးပြေးကားကွင်းဟောင်းအတွင်းက အသုံးမပြုတော့ဘဲ အစိုးရကို ပြန်လည်အပ်နှံထားတဲ့ ဂိတ်ဟောင်း အဆောက်အဦတွေကို စတင်ဖြိုချ ရှင်းလင်းနေတယ်လို့ ဖယ်ရှားရှင်းလင်းရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်က ပြောပါတယ်။

ဖယ်ရှား ရှင်းလင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်က “၂၀၁၀ မှာ ဒီကားကြီးကွင်း ဂိတ်ဟောင်းတွေကို အစိုးရကို ပြန်အပ်ထားတယ်။ ပြည်နယ်ကို ပြန်အပ်ထားပြီးသား။ အပ်ထားတဲ့ ဂိတ်ဟောင်းတွေကိုပဲ အရင်ဖျက်တာ။ သူတို့ဂိတ်တွေကပဲ သူတို့ရဲ့ အစောင့် အလုပ်သမားလေးတွေ ထားကြတာ။ ထားတဲ့အဖွဲ့ကို ဒီလဆန်းပိုင်းတုန်းက ၁၅ ရက်အတွင်း အပြီးဖယ်ပေးဖို့ ပြောတော့ ဂိတ်တွေက မြင်တဲ့အတိုင်းပဲ တယောက်မှ မရှိတော့ဘူး။ အရင်နေတဲ့ လူတွေမရှိတော့ ဂိတ်ဟောင်းကို စဖျက်တာ” လို့ ပြောပါတယ်။

လူနေ ဆိုင်ခန်းပိုင်ရှင်တွေကို ဖယ်ရှားပေးဖို့ ပထမအကြိမ် ဝါကျွတ်ကာလ ဖယ်ရှားပြောင်းရွှေ့ပေးဖို့ အသိပေးခဲ့သလို ဒုတိယအကြိမ် စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား ရွှေ့ပေးဖို့ နို့တစ်စာကပ် အသိပေးခဲ့တဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တချို့က ဝါတွင်းကာလဖြစ်နေတဲ့အပြင် မိမိတို့သားသမီးတွေ တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေတဲ့ ကာလအတွင်း ရက်ရွှေ့ဆိုင်းပေးဖို့ အသနားခံစာ တင်ပြလာတဲ့အတွက် အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့နဲ့ သတ်မှတ်ကာလတွင်း ဖယ်ရှားခြင်းမရှိရင် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဖယ်ရှားရှင်းလင်းရေး ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

၂၀၁၀ ခုနှစ် မတ်လ ၁၄ ရက်နေ့က ကားကြီးကွင်းသစ် (စက်ပစ်ကွင်းမြေနေရာ)ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တဲ့အတွက် လက်ရှိ ဆိုင်ခန်းပေါင်း ၆၀ ကျော်ထဲက ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံသူတွေကိုပဲ နစ်နာကြေးအနေနဲ့ အုတ်ညှပ်အဆောက်အဦအတွက် ၁ စတုရန်းပတ်လည်ကို ၁၂၀၀၀ ကျပ်၊ အာစီ ၂ ထပ် အဆောက်အဦအတွက် ၁ စတုရန်းပတ်လည်ကို ၂၀၀၀၀ ကျပ် ပေးလျော်ပြီး မြေနေရာအတွက် ပေးလျော်မှာ မဟုတ်သလို နစ်နာသူတွေအတွက် ဆိုင်ခန်းမြေနေရာ အစားထိုးပေးမှာ မဟုတ်ဘူးလို့ ဖယ်ရှားရှင်းလင်းရေး ကော်မတီက ပြောပါတယ်။

နယူးစတား အထည်ဆိုင်ရှင် စောရှားထူးဖော့က “ပြည်သူ့အစိုးရ မှန်ရင် ပြည်သူတွေရဲ့ အခက်အခဲကို အောက်ခြေအထိ ဆင်းသင့်တယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဆိုတာ အပေါ်မှာကြီးပဲ စိုးမိုးလို့မရဘူး။ အောက်ခြေဆိုတာ ဆင်းကြည့်မှပဲ အောက်ခြေလူနေမှု အဆင့်အတန်းကို သိရှိနိုင်ပြီးတော့ ကိုယ်ချင်းစာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးပဲ အပေါ်မှာပဲ နေပြီးတော့ ဒီလိုပဲ မျက်ရိပ်လေးပဲ ကြည့်နေမယ်ဆိုလို့ရှိရင် အောက်ခြေလူနေမှု အဆင့်အတန်းလည်း မသိရသလို အခက်အခဲလည်း မသိရသလို ဘာမှမကူညီနိုင်တဲ့အတွက် အစိုးရကောင်း ဖြစ်လာမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013