DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ထဲ လက်တဖက်ပြတ် လူသေအလောင်းတလောင်း မျောလာ
DVB
·
September 21, 2017
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်ထဲမှာ စက်တင်ဘာ ၂၀ ရက်က လူသေအလောင်း တလောင်း မျောပါလာကြောင်း မော်လမြိုင်မြို့မရဲစခန်းက ပြောပါတယ်။

မျောပါလာတဲ့အလောင်းမှာ သက်ကြီးပိုင်းအရွယ် အမျိုးသားတဦးဖြစ်ပြီး အလောင်းကို မော်လမြိုင်မှ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ဖြစ်တဲ့ ဦးဘိုဘိုဝင်း အဖွဲ့နဲ့ Mawlamyine Rescue အဖွဲ့တို့က ဆယ်ယူပြီး မော်လမြိုင် မြို့မရဲစခန်းက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက ကျားတံတား သဲဆိပ်မှာ စစ်ဆေးပြီးနောက် မော်လမြိုင် ပြည်သူ့ဆေးရုံကတဆင့် ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အလောင်းကို ကိုယ်တိုင် သွားရောက်ဆယ်ယူပေးခဲ့တဲ့ Mawlamyine Rescue လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုကောင်းဆက်လင်းက “ဘောတံတားဘက်ခြမ်းက မျောလာတာ တွေ့တယ်။ ကျနော်တို့ လိုက်တော့ ဆိပ်ကမ်းတခုကို ကပ်တယ်။ ဆိပ်ကမ်းသမားတွေက ပေးမဆယ်လို့ ကျနော်တို့ ကမ်းနားလမ်းဘက်က ဆယ်ယူခဲ့တယ်။ ကျနော်တို့ ခန့်မှန်းတာကတော့ ဒီအလောင်းက နှစ်ပတ်လောက်ရှိပြီ ထင်တယ်။ လူကြီးပိုင်းကပဲ။ လက်တဖက်လည်း ပြတ်နေတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအလောင်းဟာသံလွင်မြစ်တလျှောက် မျောပါလာပြီး စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်က သက်ဆိုင်ရာကို တာဝန်သိပြည်သူတွေက အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင် မြို့ရဲစခန်း တာဝန်ရှိ ရဲအရာရှိတဦးက “တော်တော်လေးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါပြီ။ ရေအတက်နဲ့ မျောလာတာပါ။ မော်လမြိုင် မြို့ခံလား၊ ဘယ်သူဘယ်ဝါ ဆိုတာကတော့ ပြောလို့ မရသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ အမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ နေရပ်လိပ်စာတွေ သိရပါက သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။

သတင်း - အာကာမင်း၊ ဓာတ်ပုံ - Mawlamyine Rescue

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013