DVB Logo
Home
Lead Story
အမုန်းတရားနှင့် အလုပ်ဖြစ်နေကြသူများ
DVB
·
September 21, 2017
အမုန်းတရားနှင့် အလုပ်ဖြစ်နေကြသူများ
Donate to DVB

မိမိလူမျိုးကို ချစ်တာ၊ မိမိကိုးကွယ်တဲ့ ဘာသာကို အလေးအမြတ်ထားတာ၊ မိမိနေထိုင်တဲ့ နေရာကို တန်ဖိုးထားတာတို့က လူ့လောကအတွက် မရှိမဖြစ် လိုအပ်ချက်ပါ။ ဒါမှလည်း ကိုယ်ပိုင်ဘာသာ၊ ကိုယ်ပိုင်စာစကား၊ ကိုယ့်တိုင်း ကိုယ့်ပြည်ဆိုပြီး သတ်မှတ်နိုင်မှာပါ။ သို့သော်လည်း ချစ်ဖို့မတတ်ရင် ချစ်ရာမရောက်ဘဲ မိမိရဲ့ချစ်ခြင်းကြောင့် လောကကြီးကို အကျည်းတန်စေတာမျိုးကိုလည်း ဖြစ်စေတတ်ပါတယ်။

ဥပမာ မိမိရဲ့ မိဘနှစ်ပါးကို တန်ဖိုးထား လေးစားတာ ကုသိုလ်ပါ။ ကိုယ့်မိဘကို တန်ဖိုးထား လေးစားသလောက် တခြားသူများရဲ့ မိဘတွေကို ဆဲဆိုတာဟာ သင့်တော်တဲ့အလုပ် မဟုတ်သလို အကျည်းတန်စေတဲ့ လုပ်ရပ်ပါ။ မိမိကိုးကွယ်တဲ့ ဘာသာကို တန်ဖိုးထားတာ၊ ရိုသေလေးစားတာဟာ ကောင်းမွန်တဲ့ လက္ခဏာပါ။ သို့သော် တခြားဘာသာတရားတခုကို ကိုယ် မကိုးကွယ်သည့်တိုင် မစော်ကားအပ်ပါဘူး။ ဒါဟာ လူသားချင်း တန်ဖိုးထားတာမျိုး ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေရဲ့ အကြောင်းရင်းကို ကြည့်လိုက်ရင် ငါနဲ့မတူ ငါ့ရန်သူ ဆိုတာက စခဲ့ပါတယ်။

ဟစ်တလာက ဂျူးတွေကို လူမျိုးမတူလို့ သတ်ဖြတ်ခဲ့တယ်။ တာလီဘန်တွေ၊ အိုင်အက်စ်တွေက မိမိနှင့်မတူတဲ့ အယူဝါဒတွေကို ပြဿနာရှာတယ်။ အားလုံးက အမုန်းတရားကို အခြေခံပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။ ဒီလိုမျိုးတွေကို ကြည့်လိုက်ရင် ကျနော်တို့ကော ဘာတွေကို ရင်ဆိုင်နေကြရသလဲ။ အကြောက်တရားနှင့် အမုန်းတရားဘက်ကို ဦးတည်စေတဲ့ သွတ်သွင်းမှုတွေကိုသာ ရင်ဆိုင်နေကြရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတရပ် မဟုတ်ပါဘူး။

၂၀၁၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီစနစ် ရွေးကောက်ပွဲ အကြိုကာလကတည်းက အမုန်းတရား အခြေခံတဲ့ လုပ်ဆောင်ချက်တွေ၊ ဟောပြောပွဲတွေဟာ ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခပ်တည်တည် နေရာယူနေခဲ့တာပါ။ ပါတီတွေရဲ့ မဲဆွယ်ပွဲဟာလည်း မိမိပါတီရဲ့ သမိုင်းကြောင်းတွေကို ချီးမွမ်းခန်းဖွင့်၊ တခြား မလိုလားတဲ့ပါတီကို ထေ့လုံး ငေါ့လုံးတွေနဲ့ လက်ညှိုးထိုး၊ အပုပ်ချ၊ အားပေးတဲ့သူတွေက လက်ခုပ်လက်ဝါးတီး စတာတွေနဲ့ အလုပ်ဖြစ်နေတဲ့အခါ အောင်မြင်တယ်လို့ ယူဆလာပြီး စကားလုံးတိုက်ပွဲတွေ ဖြစ်ပေါ်လာပါတော့တယ်။ မလိုလားတဲ့ ပါတီအပေါ်မှာ မူဝါဒတောင်မကဘဲ လူကိုပါ ကြည့်ပြီး ငယ်ကျိုးငယ်နာဖော်လိုက်၊ ပြက်ရယ်ပြုလိုက် လုပ်နေခဲ့ကြတာဟာ ပုံမှန် လုပ်ရိုးလုပ်စဉ်တခုလို ဖြစ်လာပြီး ဒီနိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်ကို ကြည့်ပြီး စာပေစင်မြင့်ပေါ်က ဟောပြောသူတချို့ စာရေးဆရာတွေဟာလည်း အတုယူကြပါတော့တယ်။ ရှေ့ဆောင်ဦးရွက်ပြုပြီး အမုန်းတရား စကားတွေ ပြောကြပါတော့တယ်။ စာရေးဆရာတွေ အလုပ်ဖြစ်ကြတော့ တချို့သော ရဟန်းတွေကလည်း တရားပွဲဆန်ဆန် နိုင်ငံရေးဆန်ဆန် လုပ်လာကြပါတော့တယ်။ ဦးတည်နေတဲ့ အရာတွေကတော့ အမုန်းတရားဆီသို့သာ ဖြစ်နေပါတယ်။

စော်ကားတာ မဟုတ်ဘူးနော်လို့ ပြောရင်း တဖက်ကိုတဖက် စော်ကားနေကြတာတွေ၊ နှိမ့်ချတာမဟုတ်ဘူး ပြောရင်း တဖက်နဲ့တဖက် အသားလွတ် ချိုးနှိမ်နေတာတွေဟာ သူ့ဘက်၊ ကိုယ့်ဘက် အားပေးအားမြှောက် ပြုသူတွေကြောင့် အောင်မြင်တဲ့ ဟောပြောပွဲတွေ ဖြစ်နေကြပါတယ်။

ခုခေတ်မှာ စာရေးဆရာတွေဟာ စာမူခထက် စာပေဟောပြောပွဲကရလာတဲ့ ဉာဏ်ပူဇော်ကြေးကို ပိုပြီး မက်မက်မောမော ဖြစ်လာကြတာလည်း ပြည်သူတွေက စကားလုံးတွေနဲ့ စီကာပတ်ကုံး မဆဲတတ်တော့ စင်မြင့်ပေါ်ကနေ စနစ်တကျ ဆဲပြသွားတဲ့အတွက် ထောက်ခံလိုက်တဲ့ ထောက်ခံကြေးလို ဖြစ်နေပါတော့တယ်။ ဒီလိုမျိုး လုပ်နေလို့ အလုပ်ဖြစ်နေတဲ့အခါ ဒီအမူအကျင့်တွေကို ပြောင်းလဲဖို့ မကြိုးစားတော့ဘူး။ တနည်းအားဖြင့် အမုန်းတရားနဲ့ အလုပ်ဖြစ်နေကြတဲ့အခါ ဘာသာအတွက်၊ လူမျိုးအတွက်၊ တိုင်းပြည်အတွက်ဆိုပြီး စကားလုံးတွေကို ခပ်တည်တည် ယူသုံးလိုက်ပါသေးတယ်။ ဒီလို အသံတွေ ထွက်လာတာကြောင့်လည်း လွှတ်တော်မှာတောင် ပါတီအတွက် ဟောပြောတဲ့ စာပေဟောပြောပွဲတွေကို ကြပ်မတ်ပေးဖို့ အဆိုတင်သွင်းခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။

တကယ်တမ်း စာပေဟောပြောပွဲဆိုတာ နားနှင့်စာဖတ်ခြင်း  ဖြစ်တဲ့အတွက် တောသူ တောင်သားတွေအတွက်ရော၊ စာအုပ်စာပေနှင့် မနီးစပ်တဲ့သူတွေအတွက်ပါ အနုမာနအားဖြင့် ဆွဲခေါ်တဲ့အရာပါ။ သို့သော်လည်း သူတို့ နားထောင်လိုက်ရတဲ့ ဟောပြောပွဲတွေဆီက စာပေရဲ့အနှစ်သာရကို မသိ မကြားလာရဘဲ ဒေါမနဿပွားစရာ၊ အမုန်းတရား ပွားစရာများသာ ရရှိလာခဲ့ရင် တိုင်းပြည်ရဲ့အကျိုးကို ဆောင်တာကော ဟုတ်ရဲ့လားဆိုတာ သုံးသပ်ကြဖို့ လိုပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက အင်္ဂလန်မှာ ဂျွန်ရပ်စ်ကင်း ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ အင်မတန် ပြောင်မြောက်တဲ့ ဟောပြောပွဲတွေကို ဟောခဲ့ပါတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ အင်္ဂလိပ်တွေရဲ့ ဘဝင်မြင့်မှုတွေကို ဝေဖန်ထောက်ပြခဲ့ပါတယ်။ သူ့ဟောပြောချက်တွေကို စုစည်းထားတဲ့ “ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်များ” ဆိုတဲ့ စာအုပ်ကို ဆရာမြသန်းတင့်က ဘာသာပြန်ခဲ့ပါသေးတယ်။ အမေရိကန်မှာလည်း ကမ္ဘာကျော် ဟောပြောသူတွေ ရှိခဲ့ပါတယ်။ ရပ်ဆဲလ်ကွင်းဝဲလ်ဆိုရင် စိန်မြေဧကပေါင်းများစွာ ဆိုတဲ့ ဟောပြောချက်နဲ့ လူပေါင်းများစွာရဲ့ ဘဝကို စိတ်ဓာတ်ခွန်အားပေးပြီး ချမ်းသာမှုရစေခဲ့ပါတယ်။ စိန်မြေဧကပေါင်းများစွာကို ဆရာဖေမြင့်က ဘာသာပြန်ခဲ့ပါတယ်။

တခြားသော တရုတ်က ကွန်ဖြူးရှပ်၊ အေသင်မြို့က ဆော့ခရတ္တိတို့ဟာလည်း ဟောပြောသူတွေပါပဲ။ လောကရဲ့ သဘာဝကို ခွဲခြမ်းစိတ်ဖြာပြီး လူသားတွေရဲ့ ဉာဏ်ပညာကို ရင့်သန်စေခဲ့ပါတယ်။ ဒေးလ်ကာနာဂျီတို့ဆိုရင်လည်း လူမှုဘဝအတွက် ဆက်ဆံရေး ကောင်းတာတွေကို ဖြစ်စေပြီး လူသားများစွာကို အဆင်ပြေစေခဲ့ပါတယ်။

တဖက်ကကြည့်ရင် ဟစ်တလာဟာလည်း ဟောပြောသူပါပဲ။ မူဆိုလီနင်လည်း ဟောပြောသူပါပဲ။ ဘာတွေ ကွာသွားသလဲဆိုရင် အမုန်းတရားကို အခြေခံတာနဲ့ အခြေမခံတာသာ ကွဲပြားသွားပါတယ်။ ဟစ်တလာလို လူပေါင်းများစွာ ထောက်ခံအားပေးနေတဲ့ သူတယောက်က ငြိမ်းချမ်းမှုတရားတွေကိုသာ ဟောပြောခဲ့ရင် ကမ္ဘာ့သမိုင်းမှာ ဂျာမနီတို့ရဲ့ အရှက်ရမှုတခုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ခုထိ ဂျာမနီလူမျိုးတွေဟာ  ဟစ်တလာကြောင့် အရှက်ရနေကြသေးတယ်လို့ သိရပါတယ်။ ကျနော်တို့ဆီမှာလည်း တိုင်းပြည်နှင့်လူမျိုးကို ချစ်ရင် နောင် အနာဂတ်မှာ မိမိတို့ရဲ့ လှုံ့ဆော်မှုကြောင့် သမိုင်းမှာ အရှက်ရစေမယ့်အလုပ်တွေ မလုပ်မိအောင် သတိထားသင့်တယ်လို့ ယူဆပါတယ်။ လက်နက်ထုတ်ပေးတဲ့သူဟာ စစ်တိုက်သူထက် မလျော့တဲ့ လုံ့လကို စိုက်ထုတ်တာနဲ့ တူသလို တိုက်ချင် ခိုက်ချင်တဲ့ စိတ်ဓာတ်ကို ပြုလုပ်ပေးတာလည်း ထိုနည်းတူပါပဲ။ ဒါကြောင့် ကိုယ်တိုင် မဆောင်ရွက်ပေမယ့် အမုန်းတရားတွေကို စိတ်ထဲမှာ ကိန်းဝပ်အောင် လုပ်နိုင်တဲ့သူတွေက သတိပြုသင့်ပါတယ်။ စစ်ပွဲဖြစ်သွားလို့ တိုးတက်သွားတဲ့နိုင်ငံ မရှိပါဘူး။ စစ်ပွဲဖြစ်သွားလို့ အောင်မြင်သွားတဲ့နိုင်ငံ မရှိပါဘူး။ စစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရလို့ တိုင်းပြည်တည်ဆောက်ရာမှာ နှောင့်နှေးကြန့်ကြာတာကိုသာ တွေ့ရမှာပါ။ ဒါကြောင့် တိုင်းပြည်ကို စေတနာထားသူများ အမုန်းတရားနှင့် အလုပ်ဖြစ်နေမှုများကို သတိပြုသင့်ကြပြီ ဖြစ်ပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013