DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကိုခွင့်လွှတ်မည်မဟုတ်ဟု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကုလသမဂ္ဂတွင်ပြောကြား
DVB
·
September 21, 2017
အကြမ်းဖက်မှုကိုခွင့်လွှတ်မည်မဟုတ်ဟု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကုလသမဂ္ဂတွင်ပြောကြား
Donate to DVB

 

မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်းနဲ့  အကြမ်းဖက်မှုတွေကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာ ၂၀ ရက်က  ကျင်းပတဲ့ (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲမှာ တက်ရောက် ပထမဆုံးအကြိမ်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။

မြန်မာဒုသမ္မတက “ဘယ်လိုပုံစံ၊ ဘယ်လိုအသွင်သဏ္ဍာန်နဲ့ကျူးလွန်တဲ့ အကြမ်းဖက်မှုမျိုးကိုမဆို ဆန့်ကျင်ရှုတ်ချရာမှာ မြန်မာနိုင်ငံအနေနဲ့ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေနဲ့အတူ ရပ်တည်တယ်။ အကြမ်းဖက်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်မှုတွေထဲမှာတခုပါဝင်တယ်။ ကျနော်တို့ရဲ့ရပ်တည်ချက်က ရှင်းပါတယ်။ ဘယ်လို အကြမ်းဖက်မှုကိုမဆို ကျနော်တို့အနေနဲ့ ခွင့်လွှတ်လို့မဖြစ်နိုင်ပါဘူး။ တချိန်ထဲမှာဘဲ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ်မှာ ဒီကနေ့ရင်ဆိုင်နေရတဲ့ ရှုတ်ထွေးလှတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ ရေရှည်မဟာဗျူဟာ အစီအစဉ်တွေဆောင်ရွက်နေတာကို     အကြမ်းဖက်လုပ်ရပ်တွေ က နှောင့်ယှက်မှုမရှိ စေဖို့ ကြိုးပမ်းနေပါတယ်”လို့ပြောပါတယ်။။

ကမ္ဘာက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်လို့ ဒုသမ္မတက ရှင်းလင်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်မနေ့က ပြောသွားခဲ့သလို   အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားနေရပ်စွန့်ခွာခဲ့ရသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကို မြန်မာနိုင်ငံအနေနဲ့ မျှဝေခံစားရတဲ့အကြောင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဥပဒေမဲ့အကြမ်းဖက်မှုတွေကို ရှုတ်ချတဲ့အကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးလုပ်ရာမှာ ကျင့်ဝတ်နဲ့အညီလုပ်ဆောင်ဖို့နဲ့ အပြစ်မဲ့ အရပ်သားတွေ မထိခိုက်အောင်လုပ်ဖို့ တင်းတင်းကျပ်ကျပ်ညွန်ကြားထားတယ်လို့ပြောပါတယ်။

“ကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာပြီး နာရီပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်း ၃၀ တချိန်ထဲတပြိုင်ထဲတိုက်ခိုက်ခံခဲ့ရတယ်။ ဒီတိုက်ခိုက်မှုတွေဟာ  သူတို့လက်ချက်လို ARSA အဖွဲ့က အခိုင်အမာကြေညာခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေဟာ ဒေသထဲမှာ အကြမ်းဖက်မှုအသစ်တဖန်ထပ်ဖြစ်စေပြီး အသက်တွေ ဆုံးရှုံးခဲ့ရ၊ ထိခိုက်နစ်နာခဲ့ရပြီး အသိုင်းအ၀န်းအားလုံးအတွက် အစုလိုက်အပြုံလိုက် နေစရာမဲ့ ဖြစ်ခဲ့ရတယ်။ မွတ်စလင်တွေနဲ့ ရခိုင်တွေတင်မက ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနဲ့ ဟိန္ဒူ တွေလို လူနည်းစုအုပ်စုလေးတွေ နေအိမ်တွေစွန့်ခွာသွားရသူတွေဟာလည်း နေအိမ်တွေကို စွန့်ခွာ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ သူတို့ရှိနေတာရယ် ထိခိုက်ခံစားခဲ့ရတဲ့ ဒုက္ခတွေကို  ကမ္ဘာနေရာ အများစုက မသိကြပါဘူး။”

မြန်မာအစိုးအနေနဲ့ အပြစ်မဲ့အရပ်သားမိသားစုတွေနဲ့ အသက်တွေဆုံးရှုံးခဲ့ရတဲ့ ရဲနဲ့လုံခြုံရေးတပ်ဖွဲ့တွေအတွက် အလွန်ကိုယ်ချင်းစာနာတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက်ထွက်ပြေးကြတဲ့ အကြောင်းရင်းရှာဖွေမယ်၊ အကူအညီ လိုအပ်သူ အားလုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေကို မခွဲခြားဘဲပေးအပ်သွားမယ်၊ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့  စိစစ်တဲ့လုပ်ငန်းစဉ်ကို အချိန်မရွေး စတင်နိုင်ဖို့အတွက်ပြင်ဆင်ထားတယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် ငလျင်ဘေးဒဏ်ခံခဲ့ရလို့ အသက်တွေနဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရတဲ့ မက္ကစီကို နိုင်ငံသားတွေနဲ့ ဟာရီကိန်းမုန်တိုင်းဒဏ်ခံရတဲ့ အမေရိကန်နဲ့ ပေါ်တိုရီကိုနိုင်ငံက ပြည်သူတွေ အတွက် အလွန်အမင်း ကိုယ်ချင်းစာနာတဲ့အကြောင်း၊ သဘာဝဘေးအန္တရာယ်တွေ မကြာခဏ အပြင်းအထန်ဖြစ်နေရတာဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်သေဖြစ်တယ်၊ ခုဆိုရင် ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာကိုအပြင်းအထန် ခြိမ်းခြောက်နေသလို မြန်မာနိုင်ငံဟာလည်း ရာသီဥတုပြောင်းလဲမှုဒဏ်ဆိုးရွားစွာခံနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လို့လည်းပြောသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိပ်တန်းဦးစားပေး လုပ်ကိုင်နေပြီး လွတ်လပ်တရားမျှတ၊ အခွင့်အရေးတန်းတူရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်မူတွေကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု  ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ရည်မှန်းထားတယ်၊ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေအပေါ်မှာ ယုံကြည်မှုရှိတဲ့အကြောင်း ထပ်လောင်း အတည်ပြု ပြောသွားပါတယ်။  

ဓာတ်ပုံ-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013