DVB Logo
Home
မြန်မာသတင်း
မြဝတီ-ကော့ကရိတ်လမ်းတွင် ယာဉ်နှစ်စီး တိုက်မိ၍ လူ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
DVB
·
September 20, 2017
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ မြ၀တီ - ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်မှာ မနေ့ မနက်ပိုင်းက ယာဉ် ၂ စီး မတော်တဆထိခိုက်ပြီး လမ်းဘေးရှိ ချောက်ထဲ ထိုးကျသွားကာ လူ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်မနက် ၁၀ နာရီလောက်က အာရှလမ်း နတ်စင်ကွေ့နားမှာ ပရိုဘောက်ယာဉ်ငယ် ၁ စီးနဲ့ ၁၂ ဘီးကားကြီးတစ်စီးတို့ ရှေ့ဆင့်နောက်ဆင့် မောင်းနှင်စဉ် အနောက်က လိုက်လာတဲ့ ၁၂ ဘီးကား ဘရိတ်ပေါက်ပြီး အရှေ့ကားကို တိုက်မိခဲ့တာလို့ ကော့ကရိတ်မြို့မရဲစခန်း တာဝန်ကျ ရဲအုပ် ထွန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီကား ၂ စီးလုံးက မြ၀တီဘက်ကလာပြီး ဘားအံဘက်ကို သွားမှာပေါ့နော်။ နတ်စင်ကွေ့အဆင်းနားမှာ အနောက်က ၁၂ ဘီးကားက ဘရိတ်ပေါက်ပြီး အရှေ့ကကားကို ၀င်ကြုံးတာ။ ဘရိတ်ကပေါက်သွားတော့ လုံးဝထိန်းမရတော့ဘူးလေ။ အဲလိုမျိုးထိန်းမရတော့ ရှေ့ကားကို ၀င်တိုက်တော့ ရှေ့ကကားက ကားလေးဆိုတော့၊ နောက်ကလည်း ကားကြီးဆိုတော့ နှစ်စီးလုံး အရှိန်လွန်ပြီးတော့ ကျသွားတာပေါ့။”

ဒဏ်ရာရလူနာတွေကို မြ၀တီ၊ ကော့ကရိတ်က နာရေးကူညီမှုအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ဆွဲထုတ်ပြီး ဆေးရုံကို ပို့ပေးခဲ့ကြပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ၁၂ ဘီးကားပေါ်က ယာဉ်မောင်းသမားနဲ့ အခြားခရီးသည် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး နောက်အမျိုးသားတစ်ဦးက ဆေးရုံပို့စဉ် သေဆုံးသွားပါတယ်။

နောက်ထပ် ဒဏ်ရာသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး ပေါင်း ၆ ဦးရှိပြီး လောလောဆယ် ကော့ကရိတ်ဆေးရုံကို ပို့ဆောင်ထားကာ အသက်အန္တရာယ်စိုးရိမ်ရသူတော့ မရှိပါဘူး။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ကော့ကရိတ်ရဲစခန်းက အမှုဖွင့်ထားကာ ချောက်ထဲကျသွားတဲ့ ယာဉ်နှစ်စီးကိုတော့ အပေါ်ဆွဲတင်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013