DVB Logo
Home
မြန်မာသတင်း
သံလွင်ဥယျာဉ်ပန်းခြံ၌ ကလေးကစားကွင်းတည်ဆောက်မည့်စီမံချက် ဆက်လက်အကောင်ထည်ဖော်မည်
DVB
·
September 20, 2017
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဗိုလ်ချုပ်ကြေးရုပ်တည်ရှိရာ သံလွင်ဥယျာဉ်ပန်းခြံရဲ့ ကျန်ရှိနေတဲ့ မြေလွတ်နေရာတွေကို ခေတ်မီကလေးကစားကွင်းဆောက်ဖို့ အရင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး လက်ထက်က မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့ပေမယ့် ပြည်နယ်အစိုးရအဖွဲ့ အပြောင်းအလဲတွေကြောင့် ခေတ္တရပ်နားထားပြီး ပြည်နယ်စည်ပင်ဝန်ကြီးအသစ် လက်ထက်မှာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရပါတယ်။

ကစားကွင်းလုပ်ဖို့ မင်းနတ်သားကုမ္ပဏီကို ၃ နှစ် လုပ်ပိုင်ခွင့်ပေးပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေရှိလာပါက ပြောင်းရွှေ့ရမယ်လို့ ၀န်ကြီးချုပ်ဟောင်း လက်ထက်က စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က “ကစားကွင်းလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အခုက ဘတ်ဂျက်အခြေအနေအရ ခဏရပ်ထားတာပါ။ အဲဒီ အစီအစဉ်ကတော့ လုပ်မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီလို ဆောင်ရွက်တာကြောင့် အများပြည်သူ စိတ်ဝင်စားမယ့် အပန်းဖြေနေရာ ဖြစ်လာမှာကို မျှော်လင့်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

ဝန်ကြီးက “ဒီလိုလုပ်ပေးတာ ပြည်သူတွေ စိတ်ချမ်းသာရအောင်ပါ။ ယာယီပဲ ခွင့်ပြုပေးမယ့် သဘောပါ။ အစိုးရစီမံချက်တွေ ရှိလာရင် နှစ်လအတွင်း ဖယ်ပေးရမှာပါ” လို့ ပြောပါတယ်။

အဆိုပါစီမံချက်ကို မြို့နယ်စည်ပင်ကတဆင့် ပြည်နယ်စည်ပင်ကို တင်ပြထားပြီး ချုံနွယ်ထူထပ်တဲ့ နေရာကနေ Ocean Super Center ကြီးလို စည်ကားလာမယ့်အတွက် စီမံချက်ကောင်းမွန်ကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပါတယ်။

မွန်ပြည်နယ်တွင် အများပြည်သူပိုင် မြေနေရာတွေကို စီးပွားရေးလုပ်ငန်းရှင်တွေကို မကြာခဏ ပေးအပ်လေ့ရှိနေပြီး အစိုးရစီမံကိန်းတွေက ဖြစ်တည်ရန် အချိန်ကြာမြင့်ကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပါက Town Hall Meeting တွေ ပြုလုပ်ကာ ငြိမ်းစုစီနဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမယ်လို့ မော်လမြိုင် အောင်ဆန်းကွန်ရက်ကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။

အောင်ဆန်းကွန်ရက်၏ ဥက္ကဋ္ဌ ဦးထွန်းနောင်က “ဆန္ဒထုတ်ဖော်မယ်လို့ ကော်မတီက ဆုံးဖြတ်ထားပြီးသားပါ။ အစိုးရစီမံကိန်းတွေက မဖြစ်တာ တော်တော်များတဲ့အတွက် စီမံကိန်းပေါ်မှ ရွှေ့ခိုင်းမယ်၊ အခုယာယီဆောက်မယ်ဆိုတာ အင်မတန်ခက်ခဲတဲ့ စကားပါ” လို့ ပြောပါတယ်။

သံလွင်ဥယျာဉ်ပန်းခြံအနားမှာ မွန်ပြည်နယ်လွှတ်တော်နဲ့ Ocean Super Center ပေါ်ပေါက်လာခဲ့ပေမယ့်လည်း ပန်းခြံကို အရင်ထက် သာယာလှပအောင် ပြုပြင်ပေးခဲ့တာ မရှိဘဲ မြို့ပြတခုမှာ မြို့ပြအင်္ဂါရပ်နဲ့ညီတဲ့ ပန်းခြံတခုရှိသင့်ပြီး လုပ်ငန်းရှင်တွေထက် အလှူရှင်တွေသာ လိုအပ်ပါတယ်။ လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်တွေ ပေးခဲ့တာကြောင့် ပန်းခြံရှိ မြေဧက ၆၀ ကျော်ဟာ ၃၀ သာ ကျန်တော့တယ်လို့ အောင်ဆန်းကွန်ရက်က ပြောပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013