DVB Logo
Home
Lead Story
ပညာရေး ပြောင်း မပြောင်း
DVB
·
September 20, 2017
ပညာရေး ပြောင်း မပြောင်း
Donate to DVB

ပြီးခဲ့တဲ့ ၅ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်တရပ်မှာ ပညာရေးဝန်ကြီးဌာနရဲ့ အမျိုးသားပညာရေး မူဝါဒကော်မရှင် ၆ လတာ အစီရင်ခံစာနဲ့ပတ်သက်လို့ ကိုယ်စားလှယ်တွေက ဝိုင်းဝန်းဆွေးနွေးခဲ့ကြတာ အတော်ကောင်းတယ်။ ကော်မရှင်မှာပါတဲ့ လူတွေကို ရွေးချယ်ခန့်ထားပုံကအစ ပညာရေး တစတစ နိမ့်ပါးလာပုံအလယ် အစီရင်ခံစာနဲ့ မတူပုံအဆုံး ထောင့်စေ့အောင် ဆွေးနွေးသွားကြတယ်။ အမျိုးသားပညာရေး မူဝါဒကော်မရှင်ရဲ့ ၂၀၁၆ အောက်တိုဘာကနေ ၂၀၁၇ ဧပြီလအထိ ၆ လတာ လုပ်ငန်းအစီရင်ခံစာကို ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်တွေဟာ အရင်အစိုးရအဆက်ဆက် ရာထူးကြီး ယူထားဖူးသူ လူဟောင်းတွေ ဖြစ်နေတယ်။ ကော်မရှင်မှာ နိုင်ငံတကာပညာရေးနဲ့ အဆက်မပြတ်သူတွေကို ထည့်သွင်းဖွဲ့စည်းသင့်တယ်လို့ ကိုယ်စားလှယ်တဦးက ထောက်ပြတယ်။ နောက်ကိုယ်စားလှယ်တဦးက သူ့တုန်းက ပညာရေးနဲ့ သူ့ညီခေတ် ပညာရေး မတူသလို သူ့ညီတွေ ပညာရေးနဲ့ သူ့သားသမီးတွေ ပညာရေးလည်း မတူပြန်ဘူး။ စနစ်တွေ တခုပြီးတခု ပြောင်းရင်းပြောင်းရင်း ပညာရေးက မြင့်မြင့်မလာဘဲ နိမ့်နိမ့်ကျသွားတယ်လို့ ဝေဖန်တယ်။ တခါ အမျိုးသမီးအမတ်တဦးက ကော်မရှင်အစီရင်ခံစာက အစီရင်ခံစာပုံစံ မထွက်ဘူး၊ မပြည့်စုံဘူးလို့ ပြောတယ်။ ကိုယ်စားလှယ်တွေ ဝေဖန်ထောက်ပြတာ ပြည့်စုံကောင်းမွန်လွန်းတော့ သက်ဆိုင်ရာဝန်ကြီးလည်း အစီရင်ခံစာနဲ့ပတ်သက်လို့ လွှတ်တော်ထဲ အချိန်ယူ ဖြေပါရစေဆိုပြီး ချက်ချင်းမရှင်းနိုင် ဖြစ်ခဲ့တယ်။

တလောက အခြေခံပညာကျောင်း အောင်စာရင်းတွေထွက်တော့ အောင်စာရင်းလို့ မသုံးဘဲ အတန်းကူးပြာင်းစာရင်းလို့ သုံးပြီး ထုတ်ခဲ့တော့ အစိုးရ ဘာလုပ်လုပ် မကောင်းပြောနေကျ လူတွေက ပြောင်းလဲပြီဆိုတာ ဒါလားလို့ ထေ့ကြ ငေါ့ကြတယ်။ တခါ မကြာသေးခင်ကလည်း မိတ္ထီလာဘက်က ကျောင်းတကျောင်းမှာ ကျောင်းသားတွေ ကျောပိုးအိတ်နဲ့ ကျောင်းမတက်ရဘူးလို့ ဆိုင်းဘုတ်ချိတ်လို့ ဝေဖန်သံ ညံပြန်တယ်။ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ပြောင်းကြသည် ဆိုရာဝယ်ဆိုပြီး ပြောစရာ ဖြစ်လာတယ်။ မိတ္ထီလာအထက်တန်းကျောင်းရဲ့ ဆိုင်းဘုတ်ထဲမှာ ကျောင်းတက်မယ့် ကျောင်းသားတွေ ကျောင်းလာတက်ရင် ဘေးလွယ်အိတ်နဲ့ပဲ လာတက်ရမယ်၊ ကျောပိုးအိတ်နဲ့ ကျောင်းတက်ခြင်း ခွင့်မပြုလို့ ဖော်ပြခဲ့တယ်။ အဲဒီဆိုင်းဘုတ် အွန်လိုင်းပေါ်တက်လာပြီး မကြာမတင်အချိန်မှာပဲ အစိုးရ လိုလားသူတွေရော အစိုးရမကောင်းကြောင်း ပြောနေကျ လူတွေရောဆီက ဝိုင်းဝန်းကန့်ကွက်ကြသံတွေ ဆူညံပြီး အွန်လိုင်းတခွင် ဆူဆူညံညံ ဖြစ်သွားတယ်။ နောက်တရက်မှာ ထူးထူးခြားခြား အဲဒီကျောင်းထွက် ကျောင်းသားဟောင်း တဦးရဲ့ ဆိုင်းဘုတ်နဲ့ပတ်သက်တဲ့ စာတပုဒ် အွန်လိုင်းပေါ် တက်လာခဲ့တယ်။ သူ့စာအရ အဲဒီကျောင်းမှာ ကျောင်းတက်ချိန်တိုင်း ကျောင်းပေါက်ဝမှာ ဆရာတွေက ကျောင်းသားတွေရဲ့ လွယ်အိတ်တွေကို စစ်လေ့ရှိတယ်။ ဒီလိုစစ်ရတာလည်း ကျောင်းသားတွေ လုံခြုံရေးကြောင့်ဖြစ်ပြီး တချို့ကျောင်းသားတွေက လူကို ထိခိုက်နာကျင်စေတဲ့ ကိရိယာတွေ ကျောင်းကို ယူလာတတ်တာမျိုး ရှိသလို တချို့က မူးယစ်ဆေးဝါး ထည့်လာတာမျိုးလည်း ရှိတယ်။

မိတ္ထီလာ အထက်တန်းကျောင်းက ကျောင်းသားဟောင်းရဲ့ စာထဲက တပိုဒ်မှာ “လွန်ခဲ့တဲ့ လေးနှစ်အချိန်က အဲဒီကျောင်းထဲက ဝန်ထမ်းတယောက်ရဲ့ သားဆီက မူးယစ် ဆက်စပ်ပစ္စည်းတွေကို နေပြည်တော်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးတာ ရှိခဲ့ဖူးတယ်။ အခုအချိန်မှာ စိတ်ကြွမူးယစ်ဆေးဝါး ပျံ့နှံ့သုံးစွဲမှုဟာ အလယ်တန်း အထက်တန်းကျောင်းတွေအထိ ရောက်နေတာ အထူးပြောစရာ လိုမယ်မထင်ပါဘူး။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို မူးယစ်ဥပဒေအရ အရေးမယူနိုင်သေးတော့ ဖြန့်ဖြူးရောင်းချသူတွေဟာ သူတို့လုပ်ငန်းတွေမှာ ကလေးငယ်တွေကို မက်လုံးပေးပြီး သယ်ဆောင် ရောင်းချခိုင်းတာတွေလည်း ရှိပါတယ်။ အားလုံး တွေးဆဆင်ခြင်နိုင်ကြဖို့ပါ” လို့ ရေးသားဖော်ပြထားတယ်။ ဒီတော့ အဲဒီကျောင်းမှာ ကျောင်းသား ၃၀၀၀ ကျော်ရှိပြီး ဆရာက ၁၀၀ ကျော်ပဲရှိတာကြောင့် ကျောင်းသားအိတ်တွေ စစ်တဲ့အခါ လွယ်ကူလျင်မြန်အောင်လို့ ကျောင်းအုပ်လုပ်သူက ဘေးလွယ်အိတ်ပဲ လွယ်ကြဖို့ ဆိုင်းဘုတ်ထုတ်တယ်လို့လည်း ဖော်ပြထားတယ်။ ကျောင်းသားဟောင်းဆိုသူရဲ့ ရေးသားဖော်ပြချက်ကို ကြည့်ရင် အကျိုးအကြောင်း ဆီလျော်သလိုလို ရှိတာ မြင်ရပြန်တယ်။ ဒီတော့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်ကရော ဘယ်လိုရှိပါသလဲ။ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်ကလွဲလို့ ထွင်ပြီး မလုပ်ပါနဲ့ဆိုပြီး မိတ္ထီလာကျောင်းအုပ်ကို သတိပေးခဲ့ပါတယ်။

ကျောပိုးအိတ်မလွယ်ရ ဆိုင်းဘုတ်ထုတ်တဲ့ကိစ္စမှာ ပညာရေးဝန်ကြီးဌာနက ကျောင်းသားနဲ့ မိဘတွေ ဝန်ထုပ်ဝန်ပိုးဖြစ်အောင် လုပ်တယ်လို့မြင်ပြီး ကျောင်းအုပ်ကို သတိပေးခဲ့ပေမယ့် ကျောင်းအုပ်က ကျောပိုးအိတ် မလွယ်ရလို့ ဆိုင်းဘုတ်ထုတ်ရခြင်း အကြောင်းရင်းကို မေးမြန်းစုံစမ်းခဲ့ပုံ မပေါ်ဘူး။ ကျောင်းအုပ်လုပ်သူမှာ အကျိုးအကြောင်း ရှင်းပြခွင့်လည်း ရခဲ့ဟန်မတူဘူး။ ဒီနေရာမှာ ပြောင်းကြ ပြင်ကြတဲ့အခါ ဆင်ခြင်စရာဖြစ်ရပြီး ဘက်တဖက်တည်း မကြည့် မမြင်ကြဖို့လိုတာ တွေ့ရတယ်။ အမြင်တွေ ပြောင်းဖို့လိုသလို ခေါက်ရိုးကျိုးနေတဲ့သူတွေနဲ့ အဲဒီသူတွေရဲ့ အမြင်တွေနဲ့ အလုပ်မဖြစ်တော့တာလည်း ထည့်တွက်ကြရတော့မယ်။ အစိုးရက ပြောင်းဆိုလို့သာ ပြောင်းလိုက်ရ၊ ဘေးပတ်ဝန်းကျင်လေးတောင် ထွက်မကြည့်ဘဲ ဝါးလုံးခေါင်းထဲ ပြောင်းနေလို့လည်း မဖြစ်တော့ပါဘူး။ ပိုဆိုးတာက အပေါ်ယံပဲကြည့်ပြီး အလွယ်တကူ ထိပ်စီးပြောင်းလိုက်ရင် နိမ့်ကျနေတဲ့ ပညာရေးက အဝီစိကပ်ဖို့ပဲ ရှိတော့တယ်။ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ၆ လတာ အစီရင်ခံစာနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပညာရေးက လှုပ်သာလှုပ်နေပြီး ရှေ့ကိုမရွေ့တဲ့ ကလေးစီးအရုပ် လှုပ်မြင်းစီးသလို ဖြစ်နေပြီလို့ ပြောသွားတာ မလွန်ဘူး။ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနအနေနဲ့ အချိန်ယူစဉ်းစားပြီး လေးလေးနက်နက် တွေးခေါ်လုပ်ဆောင်သင့်ပြီ။ တကယ်လုပ်နိုင် ပြောင်းနိုင်သူတွေ ရှာပြီး ပညာရေးစနစ် ကောင်းကောင်းတခု ရှာဖွေဖော်ထုတ် လုပ်ဆောင်သင့်ပြီ။ ပညာရှင်ဆိုပေမယ့် ဘယ်သူက ဘယ်အဖွဲ့အစည်းက ဖြစ်နေလို့ ဆိုတာတွေ ဘေးချိတ်ပြီး ပညာရေးစနစ်ကို တကယ်ပြောင်းနိုင်မယ့်သူများနဲ့ မှန်မှန်ကန်ကန် ပြောင်းချိန်တန်ပြီ။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013