ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် ခြင်ဘို့အုပ်စု သဲရိုးကျေးရွာမှာ ဧရာဝတီမြစ်ကမ်းပါး ပြိုကျနေတဲ့အတွက် အိမ်ခြေ ၅၀ ကျော် ပြောင်းရွှေ့ခဲ့ရပြီး ကမ်းပါးဆက်လက်ပြိုကျနေတာကြောင့် ဒေသခံ ပြောင်းရွှေ့ဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
သဲရိုးကျေးရွာ ဒေသခံ ကိုရှိုင်းထက်အောင်က “ပြီးခဲ့တဲ့ ၂ ရက်လောက်က အိမ်အလုံးလိုက် ရွှေ့လိုက်ရတယ်။ လူအယောက် ၈၀ ကျော်လောက် ၀ိုင်းထမ်းပြီး ရွှေ့ရတာ။ ကမ်းကပြိုနေတုန်းပဲ" လို့ ဒီဗွီဘီကိုပြောသည်။
သဲရိုးကျေးရွာမှာဆိုရင် အိမ်ခြေအလုံး ၂၅၀ ကျော်ရှိတဲ့အထဲက အိမ်ခြေအလုံး ၅၀ ကျော် ပြောင်းရွှေ့နေရပြီလို့ ဒေသခံတွေက ဆိုပါတယ်။
"အဓိကအခက်အခဲတွေကတော့ မြေနေရာ အခက်အခဲတွေရယ် နေထိုင်စားသောက်ဖို့ အခက်အခဲတွေရယ် ကြုံနေရတာပါ။ လတ်တလော အိမ်ငါးလုံးလောက် ထပ်ပြောင်းရမယ့် အနေအထား ဖြစ်နေတယ်။ အစိုးရက ကျနော်တို့ကို လတ်တလော ကမ်းပြိုအိမ်တွေအတွက် ငွေတသိန်းရယ် ဆန်ဖိုးရယ် ပေးလှူထားတာတော့ ရှိတယ်"လို့ သဲရိုးကျေးရွာ ရာအိမ်မှူး ဦးလှမြင့်က ဒီဗွီဘီကို ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းပါး ပြိုကျတာတွေကြောင့် ကိုင်းမြေတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် ပြောင်းရွှေ့ဖို့ မြေနေရာ အခက်အခဲတွေ ဖြစ်နေပြီး သဲရိုးကျေးရွာဟာ ဧရာဝတီမြစ်ကမ်းပါးပြိုကျတဲ့ ဒဏ်ခံစားလာခဲ့ရတာ ၇ နှစ်ကျော်လာပြီလို့ ဒေသခံတွေကပြောပါတယ်။
သတင်း - ထက်ဝေလင်း











