DVB Logo
Home
မြန်မာသတင်း
သဲကုန်းနှင့်ပေါင်းတည်မြို့နယ်၌ တောင်ယာများရေနစ်မြုပ်နေ၍ ချောင်းတူးဖော်ပေးရန်တောင်းဆို
DVB
·
September 20, 2017
သဲကုန်းနှင့်ပေါင်းတည်မြို့နယ်၌ တောင်ယာများရေနစ်မြုပ်နေ၍ ချောင်းတူးဖော်ပေးရန်တောင်းဆို
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်နဲ့ပေါင်းတည်မြို့နယ်ထဲက တောင်ယာတွေရေနစ်နေတာ (၂)လကျော် ကြာလာပြီဖြစ်လို့ ဒေသတွင်းမှာရှိတဲ့ တိမ်ကောနေတဲ့ ချောင်းတွေကို ပြန်လည် တူးဖော်ပေးဖို့ ဒေသခံတောင်သူတွေက လိုလားနေကြပါတယ်။

ပေါင်းတည်နဲ့ သဲကုန်းမြို့နယ်ထဲက  ရွှေလေးချောင်းဖြတ်သန်းသွားရာဘေး ပတ်ဝန်းကျင်က တောင်ယာတွေ၊ လယ်တွေရေ နစ်မြုပ်နေတာဖြစ်ပြီး လတ်တလော ရွာတဲ့မိုးရေနဲ့ ၀ဲကြီးဆည်ရေပိုလွှဲကလာတဲ့ ရေတွေကြောင့် အခုလိုဖြစ်နေတာလို့ဒေသခံ ညောင်ကပ်ပင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။

နှစ်စဉ်ရေကြီးနေကြဖြစ်ပေမယ့် ခါတိုင်းနှစ်တွေကရေကြီးရင် အလွန်ဆုံးတပတ်ခန့်သာကြာပြီး ရေပြန်ကျသွားလေ့ရှိတယ်လို့  ထန်းပင်ကုန်းရွာသား ဦးလှထွန်းကပြောပါတယ်။

အခုရက်ပိုင်းမှာ ရေအနည်းငယ်ကျလာခဲ့ပေမယ့် ကျေးရွာချင်းဆက်လမ်းတွေ၊ ကျေးရွာအတွင်းလမ်းတွေ ရေတိုက်စားပြီး အကုန်ပျက်စီးကုန်ပြီလို့ ဒေသခံတယောက်က ဆိုပါတယ်။

ဆည်ရေသတ်မှတ်ထားတဲ့ ရေအမြင့်ကိုရောက်ရင် နှစ်စဉ်ရေပိုလွဲကနေ ရေထုတ်ပေးနေကျဖြစ်ပေမယ့်  ချောင်းတိမ်ကောနေတာကြောင့် အဲဒီချောင်းကို တူးဖော်ဖို့ စီစဉ်နေတယ်လို့ ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိတဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေက ဧရာဝတီမြစ်ရေ ၊မိုးမခမြစ်ရေ ၊တောင်ကျချောင်းရေ၊ မိုးရေတွေကြောင့် ပဲခူးတိုင်းအတွင်းက စိုက်ပျိုးမြေဧကပေါင်း ၁၄၇၀၀၀ ကျော်ခန့်ရေနစ်မြုပ်   ခဲ့ပါတယ်။ အဲဒီအထဲက လုံးဝပျက်စီးသွားတဲ့ဧက ၄၈၀၀၀ ကျော်အတွက် အစိုးရက မျိုးစပါးတွေ ထောက်ပံ့ခဲ့ပေမယ့် ဒေသကခံတွေတော့ ဘယ်သူမှမရရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါဒေသထဲမှာ ရွှေလေးချောင်း၊ ဒီပါရုံချောင်း၊ ဗွက်ချောင်း၊ စေတိုင်းချောင်းတလျှောက် သီးနှံစုံဧက ၂၀၀ ကျော်နဲ့ လယ်ဧကပေါင်း ၅၀၀ ကျော်လောက် ပျက်စီးခဲ့တယ်လို့ဒေသခံတွေက  ခန့်မှန်း ပါတယ်။

အခုလိုရေကြီးနေတဲ့ မြေယာအများစုဟာ စပါးအပြင်၊ ပန်းဂေါ်ဘီ၊ ပဲသီး၊ ပဲတောင့်ရှည်၊ ရွှေဖရုံ၊ မုန်လာ၊ မုန့်ညှင်း၊ ငရုပ်၊ ရုံးပတီ စတဲ့ အသီးအနှံတွေကို အဓိက စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013