DVB Logo
Home
မြန်မာသတင်း
ဖြူးချောင်းဆည်အတွင်း စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦး ပျောက်ဆုံး
DVB
·
September 19, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ အနောက်ဘက် ၁၂ မိုင်ခန့်ဝေးတဲ့ ကွင်းချောင်းရေအားလျှပ်စစ်အတွက် ရေသိုလှောင်ထားတဲ့ ရေလွှမ်းဧရိယာ စွယ်တော်ပြင်ကွင်းမှာ စက်တင်ဘာ ၁၇ နေ့က လူ ၁၀ ဦး လိုက်ပါလာတဲ့စက်လှေ တိမ်းမှောက်ခဲ့ပါတယ်။ အမျိုးသား ၃ ဦး ပျောက်ဆုံးနေပြီး ၂ ရက် ကျော်လာတဲ့တိုင်အောင် ရှာဖွေမတွေ့ရှိသေးကြောင်း ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

“မနေ့က ကျနော်တို့ ဖြစ်တဲ့ နေရာကို သွားကြည့်တယ်။ ဘယ်နေရာမှာ ဖြစ်တယ် ဆိုတာလည်း လိုက်ပြပေးမယ့်သူ မရှိဘူး။ မိသားစုတွေက သူတို့ဟာသူတို့ စက်လှေနဲ့သွားပြီး အရင်ရှာနေကြတယ်။ အခုအထိတော့ ရေနစ်တယ်ပဲ ပြောလို့ရဦးမယ်။ အလောင်းတွေ့မှ အတည်ပြုလို့ရမှာပါ။ အခုလက်ရှိ ပျောက်နေတာကတော့ ညောင်ပင်သာက နှစ်ယောက် လျှပ်စစ်ဝင်းထဲက တယောက်ပါ။ အလောင်းတွေ့တယ် ဆိုရင်တော့ စက်လှေမောင်းကို အမှုဖွင့်ရမှာပါ။ အခုအချိန်အထိ လှေပေါ်မှာ ဘယ်လောက်ပါသွားတယ်။ ဘယ်နှယောက် ပျောက်တယ်ဆိုတာကို အတည်ပြုလို့ မရသေးဘူး”လို့ ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ အခင်းဖြစ်နေရာဝန်းကျင်က ဒေသခံတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “၁၇ ရက်နေ့က ဖြစ်တာပါ။ အဲဒီမနက်က စက်လှေထွက်သွားတော့ လူခြောက်ယောက်နဲ့ပါ။ ပြန်လာတော့ ဆယ်ယောက် ပါလာတယ်လို့ ကြားတယ်။ လှေပေါ်မှာလည်း သစ် ၁ တန်လောက်တော့ ပါတယ်လို့လည်း ကြားတယ်ဗျ။ ဖြစ်တဲ့နေရာက စွယ်တော်ပြင်ပေါ့။ အခု ပျောက်နေတာက သုံးယောက်ပါ။ ညောင်ပင်သာက နှစ်ယောက်နဲ့ နောက်တယောက်က ဒီမှာ ကုန်လာထမ်းတဲ့သူပါ။ မိသားစုဝင်တွေတော့ လာရှာနေကြတယ်။ စက်လှေမောင်းတဲ့သူကတော့ ပြန်ရောက်လာတယ်။ လှိုင်းပုတ်တော့ မှောက်သွားတာပါ”လို့ ပြောပါတယ်။

စက်လှေမှောက်ပြီး ၂  နာရီကျော်လောက် ကြာတဲ့အချိန်မှာ ဆည်ထဲမှာ သွားလာနေတဲ့ စက်လှေတစီးက လူ ၇ ယောက်ကို ကယ်ဆယ်လာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါစက်လှေတိမ်းမှောက်တဲ့ နေရာဟာ ကွင်းချောင်း ရေအားလျှပ်စစ်အတွက် ရေသိုလှောင်ထားတဲ့နေရာဖြစ်ပြီး ဒေသတွင်း ငါးရှာဖွေသူတွေနဲ့ တရားမဝင် သစ်ထုတ်လုပ်မှုအများဆုံး ပြုလုပ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ အနောက်ရိုးမပေါ်မှာ သစ်ခိုးထုတ်မှုတွေ မကြာခဏဖြစ်ပွားပြီး လူတွေ အသက်ဆုံးရှုံးတဲ့အထိ မကြာခဏဆိုသလို ဖြစ်ပွားမှုတွေ ရှိနေပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013