စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နားမကြိုင်း သစ်တောကြိုးဝိုင်း တောစပ်မှာ တရားမဝင် သယ်ဆောင်လာတဲ့ ကျွဲ ၁၂ ကောင် ကာလတန်ဖိုး ကျပ်သိန်း ၄၀ ကျော်ဖိုးကို စက်တင်ဘာ ၁၈ ရက် ည ၉ နာရီအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေညွန့်က ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်ည ၉ နာရီအချိန်က အင်းတော်မြို့နယ် နဘားရဲကင်းစခန်းမှူး ရဲအုပ်ခင်ဇော်ထိုက်ဟာ ရဲကင်းမှူးတာဝန် ဆောင်ရွက်နေချိန် တရားမဝင် ကျွဲ နွားတွေ သယ်ဆောင်လာကြောင်း သတင်းအရ သက်သေတွေနဲ့အတူ နဘားကျေးရွာအုပ်စု ကမ်းနီရွာရဲ့ အရှေ့ဘက် နားမကြိုင်း သစ်တောကြိုးဝိုင်းတောစပ်မှာ စောင့်ဆိုင်းနေချိန် အင်းတော်မြို့နယ် သံဘို-နောင်မိုးတောထဲမှ ဝယ်ယူခဲ့ပြီး ကသာမြို့နယ် တုတ်ကြီးအုပ်စုကို တရားမဝင် သယ်ဆောင်လာတဲ့ ကျွဲ ၁၂ ကောင် ကာလတန်ဖိုး ကျပ်သိန်း ၄၅၅၀၀၀၀ ခန့်ကို ပိုင်ရှင်ဦးတင်ဝင်းနဲ့ ငြိမ်းကိုဦးတို့ နှစ်ဦးနဲ့အတူ တွေ့ရှိရတာကြောင့် သက်သေတွေရှေ့မှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ခွင့်ပြုချက် တစုံတရာမပါရှိဘဲ ကျွဲတွေကို မောင်းနှင်လာတာ ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေညွန့်က ပြောပါတယ်။
အထောက်အထား တစုံတရာ မပါရှိဘဲ ကျွဲတွေ သယ်ဆောင်လာတဲ့ ကသာမြို့နယ် ရေနီရွာ နေသူ ဦးတင်ဝင်း (၅၅-နှစ်)နဲ့ ငြိမ်းကိုဦး (၂၀-နှစ်) တို့ကို အင်းတော်မြို့မရဲစခန်းက (ပ) ၁၅၅/၂၀၁၇ အရေးကြီးကုန်စည်ပုဒ်မ ၅ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)











