DVB Logo
Home
မြန်မာသတင်း
ခါကာဘိုရာဇီဥယျာဉ်ကိုတိုးချဲ့၍ ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရန်ကြိုးပမ်းမှု ရပ်တန့်ရန်တောင်းဆို
DVB
·
September 18, 2017
ခါကာဘိုရာဇီဥယျာဉ်ကိုတိုးချဲ့၍ ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရန်ကြိုးပမ်းမှု ရပ်တန့်ရန်တောင်းဆို
Donate to DVB

 

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့ တိုးချဲ့ပြီး ကမ္ဘာ့သဘာဝအမွေအနှစ်နယ်မြေ အဖြစ်သတ်မှတ်ဖို့ ဆောင်ရွက်နေတာကို  လုံးဝရပ်ဆိုင်းဖို့ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ (KPCC) က တောင်းဆိုလိုက်ပါတယ်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေကို ကမ္ဘာ့အမွေအနှစ်မြေအဖြစ် သတ်မှတ်ဖို့ရည်ရွယ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာက ၂၀၁၇ ဇူလိုင် ၂၇ ရက်က အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို တောင်ပိုင်းသို့တိုးချဲ့ပြီး ကမ္ဘာ့သဘာဝအမွေအနှစ် နယ်မြေ အဖြစ်သတ်မှတ်ခြင်းအားဖြင့် ရွာပေါင်းရာနဲ့ချီတဲ့ ဒေသခံပြည်သူ ၁ သောင်းရဲ့ စားဝတ်နေရေး အခက်အခဲဖြစ်စေတယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီတွဲဘက်အတွင်းရေးမှူး ဦးနော်ဆန့်က ပြောပါတယ်။

“အရင်တုန်းကလည်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဆိုပြီး သတ်မှတ်ထားတာရှိ တယ်။ နောင်မွန်းရဲ့အထက်ပိုင်းပေါ့။ နောက်ဘေးမဲ့တောတွေလုပ်တာရှိတယ်။ အခုနောက်ပိုင်း ကတော့ ဧက ၉ သိန်းလောက် ပြန်ပြီးတော့  အခုတောင်ပိုင်းဘက်မှာ ပြန်ပြီးတော့တိုးချဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေက သူတို့အနေအထားအရ အခုနပြောသလို ပူတာအိုခရိုင်မှာဆိုရင် ဧက ၂၅ သိန်းလောက်ဖြစ်သွားတာပေါ့။ အဲဒီခါကျတော့ သူတို့ရဲ့ လုပ်ကိုင်စားသောက်မယ့်နေ ရာတွေ၊ သူတို့နေထိုင်ဖို့တောင်မှ အင်မတန်မှ ခက်ခဲသွားတယ်ဆိုတဲ့ ပုံစံမျိုးတွေ သူတို့ပြောလာတယ်။ ဘာပဲဖြစ်ဖြစ် အခု တိုးချဲ့တဲ့ ဧက ၉ သိန်းကို ရပ်ဆိုင်းဖို့ လိုတယ်။  ပြောရမယ်ဆိုရင် ပူတာအိုခရိုင်ရဲ့ သုံးပုံနှစ်ပုံလောက်က  အမျိုးသားဥယျာဉ်တွေ၊ ဘေးမဲ့တောတို့ အားလုံး သတ်မှတ်လိုက်တဲ့အခါကျတော့ နေထိုင်ဖို့တောင်မှ အခက်အခဲရှိသွားတဲ့ အနေအထား တွေ့ရတယ်။  ”

ဒါ့အပြင် ဌာနေတိုင်းရင်းသား ဒေသခံပြည်သူတွေရဲ့ သဘောထားအများစုကို ပွင့်လင်းမြင်သာမှုစနစ်တကျ ကောက်ခံထားမှုမရှိတဲ့အပြင် ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ကချင်ပါတီတွေရဲ့ ကြေညာချက်မှာဖော်ပြပါတယ်။

လတ်တလောတိုးချဲ့လိုက်တဲ့ အမျိုးသားဥယျာဉ်ကြောင့် ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူးနဲ့ နောင်မွန်းမြို့နယ်က ကျေးရွာ ၁၀၀ ကျော်ရှိ  ဒေသခံ တသောင်းလောက်ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါဒေသတွေမှာ ဒေသခံတွေက တောတောင်တွေကို အမှီပြုပြီး တောထွက် ပျားရည်၊ ရှီးပတီး၊ သစ်မြစ်သစ်ဥတွေကို တူးပြီး ဘ၀ရှင်သန်နေကြရတာဖြစ်ပါတယ်။

ကချင်ပြည်နယ်က မြစ်ဆုံနားဝန်းကျင်မှာ အင်ခိုင်ဘွမ် အမျိုးသားဥယျာဉ်၊ ဟူးခေါင်းချိုင့်ဝှမ်း ဘေးမဲ့တောစသဖြင့် အမျိုးသားဥယျာဉ်ကို ခေါင်းစဉ်တပ်သတ်မှတ်တဲ့အတွက် ဒေသခံရဲ့ အသက်မွေးဝမ်းကြောင်းတွေ ထိခိုက်တဲ့အပြင် နေထိုင်ဖို့တောင် အခက်အခဲဖြစ်နေရတယ်လို့ လည်း ဦးနော်ဆန့်က ပြောပါတယ်။

ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်ကို ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းဝင် နေရာအဖြစ် သတ်မှတ်ဖို့အတွက်  ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က ၂၀၁၄ နှစ်ကုန်ပိုင်းမှာ  ကွင်းဆင်းလေ့လာခဲ့ပြီး သတ်မှတ်ချက် တွေနဲ့ ကိုက်ညီပါ ကမ္ဘာ့ သဘာဝ အမွေအနှစ် အဖြစ် သတ်မှတ်ပေးမှာဖြစ်ပါတယ်။

ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်ဟာ ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်မှာ တည်ရှိပြီး မြေဧရိယာ အကျယ်အဝန်း ၁၄၇၂ စတုရန်းမိုင် ကျယ်ဝန်းကာ ၁၉၈၈ ခုနှစ်မှာ အမျိုးသား ဥယျာဉ် အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-Panoramio

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013