DVB Logo
Home
မြန်မာသတင်း
ရဲတပ်ရင်း ၂၈ ခြံဝင်းအုတ်တံတိုင်းခတ်ရန် ရှင်းလင်းမှု ဒေသခံတောင်သူများ ကန့်ကွက်
DVB
·
September 18, 2017
ရဲတပ်ရင်း ၂၈ ခြံဝင်းအုတ်တံတိုင်းခတ်ရန် ရှင်းလင်းမှု ဒေသခံတောင်သူများ ကန့်ကွက်
1 / 6
Donate to DVB

 

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးရှိ အမှတ် ၂၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (မုံရွာ)ရဲ့ အနောက်ဖက်နဲ့ တောင်ဖက် ခြံစည်းရိုးအုတ်တံတိုင်းကာဖို့ မနေ့က စက်ယန္တရားတွေ အသုံးပြုပြီး လုပ်ဆောင်နေတာကို  ဒေသခံတောင်သူ ၂၀ ကျော်က ကန့်ကွက်နေကြပါတယ်။

ရဲတပ်ရင်းအတွက် အရင်အစိုးရလက်ထက်က သိမ်းထားတဲ့မြေ ၅၂ ဧကရှိပြီး အခုခြံစည်းရိုးခတ်မယ့် နယ်နိမိတ်ထဲမှာ ဒေသခံတောင်သူ ၁၇ ဦးရဲ့ မြေယာဧက ၃၀ ဝန်းကျင်ပါဝင်နေကာ လက်ရှိမှာ ပဲစဉ်းငုံ၊ နှမ်း၊ ပြောင်း စတဲ့ သီးနှံတွေကို စိုက်ပျိုးထားပါတယ်။

အုံတုံပင်ကျေးရွာက တောင်သူဦးမျိုးမင်းက “ခြံစည်းရိုးခတ်မှာကို တောင်သူတွေကို အသိလည်းမပေးဘူး။ ပြီးတော့ လောလောဆယ် တိုင်းလယ်မြေစစ် အထူးအဖွဲ့က စစ်ဆေးနေဆဲဖြစ်တယ်။ တောင်သူတွေရဲ့ သဘောတူချက် မယူဘဲ အင်အားသုံးပြီး လုပ်ချင်ရာ လုပ်တဲ့အတွက် ခုလို လာရောက်ကန့်ကွက် တားဆီးနေရတာ ပါ” လို့ ပြောပါတယ်။

စက်ယန္တရားအသုံးပြုပြီး ခြံစည်းရိုးခတ်ဖို့ ရှင်းလင်းတာတွေလုပ်ဆောင်နေရာကို တောင်သူတွေ လာတားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်က ဒိုင်းတွေ၊ နံပါတ်တုတ်တွေနဲ့ အသင့်လာစောင့်နေခဲ့တယ်။ လောလောဆယ်မှာ စက်ကြီးက ဘီးကျွံနေတဲ့အတွက် တောင်သူတွေကလည်း စောင့်ကြည့်နေသလို ရဲတပ်ဖွဲ့ကလည်း ရှိနေဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ရင်းက တာဝန်ရှိသူကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးနိုင်သူမရှိတာကြောင့် မေးမြန်းခွင့်မရခဲ့ပါဘူး။

တိုင်းဒေသကြီး သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများပြန်စိစစ်ရေး အထူးအဖွဲ့ခေါင်းဆောင် ဦးသန်းအေးကို သွားရောက်မေးမြန်းရာမှာတော့ လူချင်းတွေ့ဆုံခွင့်မရလို့ ဖုန်းဆက်မေးမြန်းရာမှာ ဒီကိစ္စကို လာမယ့် သောကြာနေ့မှာ ပြန်လည်စိစစ်သွားဖို့ရှိတယ်။ လောလောဆယ်တော့ အထူးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ရဲတပ်ရင်းအတွက် သိမ်းဆည်းထားတဲ့ မြေယာကိစ္စနဲ့ပတ်သက်လို့ စက်တင်ဘာ ၁၅ ရက်ကလည်း ရဲတပ်ရင်းပိုင်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက် ထွန်ယက်စိုက်ပျိုးခဲ့လို့ဆိုပြီး ဦးကျော်သောင်းပါ တောင်သူ ၇ ဦးကို ရဲတပ်ရင်း တပ်ရေးအရာရှိ ဖြစ်သူ ဒုရဲမှူးရဲခေါင်က တရားလိုပြုလုပ်ကာ ယင်းမာပင်မြို့မစခန်းမှာ (ပ)၁၇၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၇/၁၁၄ အရ အမှုဖွင့်အရေးယူခဲ့ပါသေးတယ်။

ဒေသခံတောင်သူတွေကတော့ တွေ့ဆုံညှိနှိုင်းလာရင် အထိုက်အလျောက်လိုက်လျောပေးဖို့ ရှိပေမယ့် တွေ့ဆုံညှိနှိုင်းတာလည်းမလုပ်တဲ့အတွက် လက်မခံနိုင်သလို တောင်သူတွေဖက်က တွေ့ဆုံဖို့တောင်းဆိုပေမယ့်လည်း တာဝန်ရှိသူတွေက တွေ့ဆုံတာမရှိဘူးလို့ဆိုပါတယ်။

ဒီကိစ္စကိုလည်း သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်သလို ဒီလိုလုပ်ဆောင်နေသမျှ ဆက်လက်ကန့်ကွက်တားဆီးသွားမယ်လို့ တောင်သူတွေက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013